ရုရှားနိုင်ငံတောင်ပိုင်း ကရာ့စနိုဒါဒေသရှိ တမ်ရုခ်ဆိပ်ကမ်းကို ယူကရိန်းက ဒီဇင်ဘာ ၂၅ ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ရေနံသိုလှောင်ကန် နှစ်လုံး မီးလောင်ကျွမ်းသွားကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။
ရေနံထွက်ပစ္စည်းသိုလှောင်ကန် နှစ်လုံးကို ယူကရိန်းကဒရုန်းဖြင့် တိုက်ခိုက်ခြင်းကြောင့် မီးလောင်မှုမှာ စတုရန်းမီတာ ၂,၀၀၀ ခန့်အထိ ပြန့်နှံ့သွားပြီဖြစ်ကြောင်း ကရာ့စနိုဒါဒေသ စစ်ဆင်ရေးဌာနချုပ်က Telegram အက်ပလီကေးရှင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုမခံရမီက ရုရှား၏ နျူကလီးယားလက်နက် တပ်ဆင်နိုင်သော ဗုံးကြဲလေယာဉ်များသည် နော်ဝေနှင့် ဘာရန့်ပင်လယ်များတွင် ပျံသန်းခဲ့ပြီး ထိုသို့ပျံသန်းစဉ်အတွင်း ပြည်ပနိုင်ငံများမှ တိုက်လေယာဉ်များ က ခြံရံလိုက်ပါခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားသတင်းအေဂျင်စီများက ဖော်ပြခဲ့သည်။
အဆိုပါ Tu-95 လေယာဉ်များ ပျံသန်းသည့် ရက်စွဲ သို့မဟုတ် ၎င်းတို့နောက်သို့ လိုက်ပါစောင့်ကြည့်ခဲ့သည့် လေယာဉ်များမှာ မည်သည့်နိုင်ငံမှဖြစ်သည်ကိုမူ အတိအကျ ဖော်ပြထားခြင်း မရှိပေ။
“ရုရှားရဲ့ Tu-95MS ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ ဒုံးကျည်တင်ဆောင်တဲ့ လေယာဉ်တွေဟာ ဘာရန့်နဲ့ နော်ဝေပင်လယ်တွေပေါ်က ကြားနေရေပြင်တွေထက်မှာ စီစဉ်ထားတဲ့အတိုင်း ပျံသန်းမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်” ဟု ဝန်ကြီးဌာနက စကင်ဒီနေးဗီးယားမြောက်ဘက်နှင့် ရုရှားအနောက်မြောက်ဘက်ရှိ ရေပြင်များကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
“ပျံသန်းမှု လမ်းကြောင်းရဲ့ အချို့သောအဆင့်တွေမှာ အဝေးပစ်ဗုံးကြဲလေယာဉ်တွေကို နိုင်ငံခြားတိုင်းပြည်တွေက တိုက်လေယာဉ်တွေက ခြံရံလိုက်ပါခဲ့ကြပါတယ်” ဟုလည်း ဖော်ပြထားသည်။
