တောင်ဒဂုံမြို့နယ်၌ အာဏာသိမ်း စစ်တပ် လက်ကိုင်တုတ် ပျူစောထီးများ သောင်းကျန်းလျက် ရှိနေပြီး နေအိမ်ထဲ အရက်သောက်သူများကိုပင် ဝင်ဖမ်းကာ ငွေညှစ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
တောင်ဒဂုံမြို့နယ် ၆၉ ရပ်ကွက်တွင် ယခု လအတွင်း မိမိ၏ နေအိမ်ထဲတွင် အရက်ထိုင်သောက်နေသည့် အမျိုးသားတစ်ဦးအား ပျူစောထီးများက ဝင်ဖမ်းခြင်း ဖြစ်ပြီး ငွေကျပ် နှစ်သိန်း ငွေညှစ်ပြီးမှ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
” အိမ်ထဲ အရက်သောက်နေတာကို ပျူတွေ ဝင်ဖမ်းတယ်။ ပြီးတော့ ငွေ ၂သိန်းတောင်းပြီး ပြန်လွှတ်ပေးလိုက်တယ်” ဟု အဆိုပါ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ယင်းလုပ်ရပ်များ အပြင် ပျူစောထီးများက လမ်းသွား လမ်းလာများ ပြည်သူများကို အကြောင်းမဲ့ တားဆီးကာ စစ်ဆေး အပြစ်ရှာပြီး ငွေညှစ်နေသည်ဟုလည်း သိရသည်။
” ကိုယ့်ဘာသာ စက်ဘီးနဲ့ မုန့်သွားဝယ်တာကို ပျူတွေ တားစစ်တယ်။ နှိုက်နှိုက်ချွတ်ချွတ်စစ်တာနော်။ ဖုန်းပါ တောင်းစစ်တယ်။ ဘာမှ မတွေ့တော့မှ လွှတ်ပေးတယ်။” ဟု တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်နေ၊ အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ပျူစောထီးများသည် လူငယ်များကို အဓိကထားကာ ငွေညှစ်ရန် စစ်ဆေးဖမ်းဆီးခြင်းမျိုးကို ပြုလုပ်နေခြင်း ဖြစ်သည်။
ထို့ပြင် မူးယစ်ဆေးရောင်းချသူများနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝယ်ယူ သုံးစွဲသည့် လူငယ်များကိုလည်း အကွက်ဆင် စစ်ဆေးဖမ်းဆီး ငွေညှစ်မှုများ ပြုလုပ်နေပြီး ငွေမပေးနိုင်ပါက ပေါ်တာဆွဲ စစ်ထဲထည့်လိုက် ဟု သိရသည်။
” ဂျိတ်(မူးယစ်ဆေးရောင်းသူ) တွေနဲ့ ချိတ်ထားတယ်။ ဘယ်လမ်းက ပြန်တယ် ဘယ်သူဘယ်ဝါ ကြိုသိပြီး စောင့်ဖမ်းတယ်။ ပြီးရင် ငွေညှစ်တယ်။ မပေးရင် စစ်ထဲ ထည့်တယ်။” ဟု တောင်ဒဂုံမြို့နယ်၊ ၈၉ ရပ်ကွက်နေ လူငယ်တစ်ဦးက ပြောသည်။
တောင်ဒဂုံမြို့နယ်သည် စစ်အာဏာသိမ်း ကနဦးကာလအတွင် အာဏာသိမ်းစစ်တပ် RPG သုံးကာ အကြမ်းဖက်ဖြိုခွဲရသည်ထိ လူထု ဆန့်ကျင်အုံကြွမှု အားကောင်းခဲ့သည့် မြို့နယ်တစ်ခု ဖြစ်သည်။
ယင်းကြောင့် အာဏာသိမ်းစစ်တပ်က ကာလရှည် စစ်အုပ်ချုပ်ရေးထုတ်ပြန် ဖိနှိပ်ခဲ့ပြီး နယ်ခံ လူဆိုးလူမိုက်များ၊ ၄င်းတို့ကို ထောက်ခံသူများကို ပျူစောထီး အဖြစ် မွေးမြူကာ အုပ်ချုပ်ရေး နိုင်နင်းစေရန် အတွက် အသုံးချပြီး ဖိနှိပ်နေခဲ့သည်။
ထိုသို့ ဖြင့် အာဏာသိမ်း စစ်တပ် လက်ကိုင်တုတ် ပျူစောထီးများသည် စစ်အာဏာသိမ်း ကာလအတွင်း ပြည်သူများအား အထက်ပါအတိုင်း အနိုင်ကျင့် ဖိနှိပ်မှုများ ငွေညှစ်မှုများကို ပြုလုပ်နေခြင်းဖြစ်သည်။
