ရေတာရှည်တွင် PDF တိုက်ခိုက်ခြင်းခံထားရသော စစ်တပ် ပြည်သူ ၁၀၀ ခန့်ကို ဖမ်းဆီးထား

ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်တွင် ရွေးကောက်ပွဲ တိုက်ဖျက်မှုစစ်ဆင်ရေးကြောင့် အထိနာခဲ့သော စစ်တပ်က ပြည်သူ ၁၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း သိရသည်။

ဒီဇင်ဘာ ၂၃ ရက်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၌ ရွေးကောက်ပွဲ တိုက်ဖျက်မှုစစ်ဆင်ရေးအဖြစ် ဆွာရွာမကြီးရွာအပါအဝင် မဲရုံတည်ဆောက်ထားပြီး စစ်တပ်အ ထိုင်ချထားသည့်ကျေးရွာ ၄ ရွာကို နေပြည်တော် PDF တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ် အထိနာပြီးနောက် ဆွာရွာမကြီးရွာမှ ပြည်သူများအား ဖမ်းဆီးထားကြောင်း နေပြည်တော် PDF ထံက သိရသည်။

“ဆွာမကြီး(ဆွာရွာမကြီး)မှာ အင်အားထပ်ဖြည့်ပြီး ပြန်ထိုင်နေတယ်။ ရွာသားတွေကိုလည်း ဖမ်း ထားတယ်ခင်ဗျ။ ရွာသား ၈၀ ကနေ ၁၀၀ ဦးခန့်ရှိပါတယ်။ တိုက်ပွဲအပြီး ဖမ်းထိန်းထား တဲ့သ ဘော ပဲ။ ဆွာမကြီးနားမှာ ငြိမ်နေတယ်ခင်ဗျ။ မြစ်အနောက်ကမ်းမှာတော့ စစ်တပ်အလှုပ်ရှိ တယ်။ စစ်ကြောင်းနဲ့ ပတ်ကင်းတွေရှိတာကြောင့် နှစ်ဘက်အချိန်မရွေး ထိတွေ့လာနိုင်ပါတယ်”ဟု နေပြည် တော် PDF မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ဆွာမကြီးရွာမှ ဖမ်းဆီးခံထားရသည့် ပြည်သူများသည် ယ‌နေ့(ဒီဇင်ဘာ ၂၇ ရက်) နေ့ခင်းပိုင်းအထိ ပြန်လည် မလွတ်မြောက်သေးပေ။

ဆွာရွာမကြီးကျေးရွာရှိ မဲရုံကို စစ်တောင်းမြစ်အနောက်ဘက်ကမ်းမှ ဆွာမြို့နှင့် တစ်မိုင်ခန့်သာ ဝေးသည့် ငါးကြီးကွေ့ကျေးရွာသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း သိရသည်။

“ဆွာမကြီးဘက်က မဲရုံကတော့ ငါးကြီးကွေ့ကျေးရွာဘက်ကိုရွှေ့သွားတယ်ခင်ဗျ။ မြို့နားနီးတော့ ပိုလုံမယ်လို့ယူဆလို့ ရွှေ့သွားတာ။ ခင်တန်းလေးကတော့ ရွှေ့ပြောင်းတာမရှိသေးဘူးခင်ဗျ”ဟု ၎င်းကဆက်လက်ပြောသည်။

ဒီဇင်ဘာ ၂၃ ရက်တွင် စစ်တောင်းမြစ် အရှေ့ဘက်ကမ်း၌ မဲရုံတည်ဆောက်ထားပြီး စစ်တပ်အထိုင်ချထားသည့် ဆွာရွာမကြီးရွာ၊ ရွာသစ်ရွာ၊အိုးမြေဒူးရွာနှင့် မြစ်အနောက်ဘက်ကမ်းရှိ ခင်တန်းလေးရွာတို့ကို နေပြည်တော် PDF က တပ်ရင်းများ စုဖွဲ့ကာ တစ်ပြိုင်တည်း ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးကာ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာ ၅ ရွာထက်မနည်းမှ ပြည်သူများ ယနေ့(ဒီဇင်ဘာ ၂၇ ရက်)အထိ ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

စာတည်း-ML