ရေးမြို့ ရဲစခန်းအနီးတွင် နယ်ထိန်းတပ်ကြပ်ကြီး ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ် ၊ ရေးမြို့ ရဲစခန်းအနီးတွင် နယ်ထိန်း တပ်ကြပ်ကြီး ဘုန်းမြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) ညနေ ၄ နာရီခန့်တွင် ရေးမြို့ပေါ် ၊ သီရိခေမာရပ်ကွက်၌ ရေးမြို့အတွင်း တာဝန်ထမ်းဆောင်နေသည့် ခရိုင်နယ်ထိန်း တပ်ကြပ်ကြီး ဘုန်းမြင့်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးတပ်ရင်းက သတင်းထုတ်ပြန်သည်။

“ကျနော်တို့ သူ့ကို ရှင်းလင်းလိုက်တဲ့နေရာက သီရိခေမာရပ်ကွက် ဆွမ်းလောင်းရုံအနီးပေါ့။ အဲဒီမှာ ရှင်းလင်းလိုက်တာပေါ့။သူ့ အမျိုးသမီးကတော့ ရေးကပဲ။ အိမ်ထောင်ကျတာတော့ ၈ နှစ်လောက်ရှိပြီ။ အောင်မေတ္တာရပ်ကွက်မှာနေတာပါ”ဟု ရေးဘီလူးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ဘုန်းမြင့်ကို နာရေးကားဖြင့် လာသယ်သွားပြီးနောက် ရေးမြို့ ဆေးရုံကြီးရောက်မှ သေဆုံးခဲ့ကြောင်း သိရ သည်။

“ထိပြီးမကြာဘူး။ နာရေးကားပဲ သယ်သွားတယ်။ ရေးမြို့ ဆေးရုံမှာ သေတယ်။ အဲဒီကုန်းကိုတက်သွားရင်တော့ အပေါ်မှာ ရဲစခန်းကုန်းပဲပေါ့။ သူက တစ်ကုန်းပဲခြားတယ်။ အဲဒီမှာ ပစ်ရတယ်ပေါ့။ ကျုပ်တို့ကအမြန်ပစ်တာပါ”ဟု ၎င်းကဆက်လက်ပြောသည်။

နယ်ထိန်းသေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML