စစ်ကော်မရှင်၏ ဝါဒဖြန့်ချိရေး ယန္တရားများသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကိုထိန်လင်း (Kim Aris) တို့အပေါ် အခြေအမြစ်မရှိသော ပုဂ္ဂိုလ်ရေးဆိုင်ရာ စွပ်စွဲချက်များ၊ ရိုင်းစိုင်းသော အမုန်းစကား (Hate Speech) များဖြင့် တယ်လီဂရမ်ချန်နယ်များ၌ ဝါဒဖြန့် ရေးသား တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏သားတို့ကို ယခုကဲ့သို့ လုပ်ဆောင်လာခြင်းသည် စစ်ရေးနှင့် နိုင်ငံရေးအရ အကျပ်အတည်းဖြစ်နေသော စစ်ကော်မရှင်က လူထု၏အာရုံကို လွှဲပြောင်းရန်နှင့် ခေါင်းဆောင်ပိုင်းအပေါ် ယုံကြည်မှု လျော့နည်းစေရန် ရည်ရွယ်သည့် စိတ်ဓာတ်စစ်ဆင်ရေးတစ်ခုသာ ဖြစ်ကြောင်း ပြည်သူများနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “အမှန်တရားကို ဖုံးကွယ်ထားပြီးမှ ‘ပြည့်စုံလုံလောက်ပါတယ်’ လို့ ပြောနေတာဟာ နိုင်ငံတကာနဲ့ ပြည်သူကို လှည့်စားတဲ့ လုပ်ရပ်ပါ။ တကယ့်တမ်း ကျန်းမာရေးကောင်းမွန်တယ်ဆိုရင် ဘာကြောင့် လူထုရှေ့ကို ထုတ်မပြရဲတာလဲ” ဟု မေးခွန်းထုတ်ခဲ့သည်။
စစ်လော်ဘီများက ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို “အစိုးရက အပြည့်အဝ တာဝန်ယူပေးထားသည်” ဟု ဝါဒဖြန့်နေသော်လည်း မြေပြင်အချက်အလက်များမှာမူ ဆန့်ကျင်ဘက်ဖြစ်နေသည်။ အသက် (၈၀) အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မှာ သွားနှင့် ခံတွင်းဝေဒနာ ခံစားနေရသဖြင့် အစားအသောက် ပုံမှန်မစားနိုင်ဘဲ အားနည်းနေသော်လည်း သူမ၏ မိသားစုဆရာဝန်နှင့် ပြသခွင့်ကို စစ်ကော်မရှင်က ယနေ့တိုင် ပိတ်ပင်ထားဆဲ ဖြစ်သည်။
သားဖြစ်သူ ကိုထိန်လင်း (Kim Aris) က မိခင်ဖြစ်သူ၏ အသက်အန္တရာယ်နှင့် ကျန်းမာရေးအတွက် နိုင်ငံတကာတွင် အသံထွက်တောင်းဆိုနေခြင်းကို စစ်လော်ဘီများက ” ဘိန်းစား၊ ကိုယ်ကျိုးရှာသည်” ဟု အဆင့်အတန်းမရှိသော စကားလုံးများဖြင့် တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။
လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦး “သားတစ်ယောက်က မိခင်ရဲ့လုံခြုံရေးအတွက် တောင်းဆိုတာဟာ လူ့ကျင့်ဝတ်အရရော၊ သဘာဝအရပါ အမှန်ကန်ဆုံး လုပ်ရပ်ပါ။ ဒါကိုမှ ‘ဘိန်းစား၊ ကိုယ်ကျိုးရှာ’ လို့ ပုဂ္ဂိုလ်ရေးအရ ဆဲဆိုတိုက်ခိုက်နေတာဟာ စစ်ကော်မရှင်လော်ဘီတွေရဲ့ စာရိတ္တနဲ့ အဆင့်အတန်း ဘယ်လောက်အထိ နိမ့်ကျနေသလဲဆိုတာကိုပဲ ပြနေတာပါ” ဟု ပြောသည်။
အဆိုပါ ဝါဒဖြန့်မှုများသည် စစ်တပ်က မြေပြင်စစ်ဆင်ရေးများတွင် အထိနာနေချိန်၊ အတုအယောင်ရွေးကောက်ပွဲအပေါ် ပြည်သူများက လှောင်ပြောင်နေချိန်များနှင့် တိုက်ဆိုင်စွာ ပေါ်ထွက်လာခြင်း ဖြစ်ပြီး လူထုက လေးစားကြည်ညိုသော ခေါင်းဆောင်ကို သိက္ခာချခြင်းဖြင့် တော်လှန်ရေးအရှိန်အဟုန်ကို လျှော့ချရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်။
အချက်အလက်စစ်ဆေးသူ (Fact Checker) တစ်ဦးက “ဒီလို အခြေအမြစ်မရှိတဲ့ တိုက်ခိုက်မှုတွေဟာ စစ်ကော်မရှင်ရဲ့ နောက်ဆုံးလက်နက် ‘သတင်းမှား စိတ်ဓာတ်စစ်ဆင်ရေး’ ပဲ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ခေါင်းဆောင်ပိုင်းနဲ့ လူထုကြားမှာ သွေးကွဲစေမယ့် အောက်တန်းကျတဲ့ ဝါဒဖြန့်စာသားတွေကို လုံးဝ ဂရုမစိုက်ဖို့ လိုပါတယ်” ဟုပြောသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ နိုင်ငံရေးရှုံးနိမိတ်ကို ဖုံးကွယ်ရန်အတွက် အဆင့်အတန်းမရှိသော အမုန်းစကားများကို ဆက်တိုက်အသုံးပြုလာနိုင်သော်လည်း မြေပြင်အမှန်တရားနှင့် ပြည်သူများ၏ ယုံကြည်မှုကို ဖျက်ဆီးနိုင်မည်မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
