ဇန်နဝါရီ ၁၁ ရက်တွင် တရားမဝင်ရွေးကောက်ပွဲပြုလုပ်မည့် စစ်ကိုင်းတိုင်း၊ဘုတလင်မြို့ကို တော်လှန် ရေးတပ်များ ဝိုင်းထားကြောင်း သိရသည်။
ရွေးကောက်ပွဲပြုလုပ်မည့်ဘုတလင်မြို့ထဲသို့ တော်လှန်ရေးတပ်များ ထိုးဖောက်ဝင်ရောက်ကာ မြို့ကို ယာယီထိန်းသိမ်းခဲ့ပြီးနောက် စစ်တပ်၏ လေကြောင်းပစ်ကူနှင့် ခဲယမ်းမလုံလောက်မှုကြောင့် မြို့ပြင် သို့ပြန်ထွက်ကာ မြို့ကို ဝိုင်းထားကြောင်း ယင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ်တပ်ပေါင်းစုစစ်ကြောင်းက ယနေ့ (ဒီဇင်ဘာ ၃၁ ရက်) နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။
“ဒီနေ့ထိ ဝိုင်းထားတယ်။ နမခ(မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်)စစ်ကူကိုလည်း ဖြတ် တောက်ထားတယ်။ကျန်တာကတော့ ထုတ်ပြန်ချက်ကအတိုင်းပါပဲ။ရွေးကောက်ပွဲကတော့ ပျက်မယ် လို့ ထင်တယ်”ဟု ဒေသခံစစ်ရေးသတင်းရင်း မြစ်က MPAသို့ပြောသည်။
ဒီဇင်ဘာ ၂၈ ရက်၊နံနက် ၅ နာရီမှ မွန်းလွဲ ၂ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဘုတလင်မြို့နယ်တပ် ပေါင်းစုစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ဘုတလင်မြို့ပေါ်တွင် ရွေးကောက်ပွဲ မပြုလုပ်နိုင်ရန်နှင့် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရင်း ဘုတလင်မြို့ တွင်း ရှိ ရွေးကောက်ပွဲ ပြုလုပ်မည့်နေရာနှင့် စစ်တပ် အထိုင်ချတပ်စွဲထားသောနေရာ ၄ ခုစလုံးကို တစ်ပြိုင်တည်း ဝင်ရောက် စီးနင်းခဲ့ရာ ရန်သူအနေနှင့် နောက်ဆုံးခံစစ် ဘန်ကာ အထိုင်များထဲမှ ခုခံခဲ့ရကြောင်း ထို့အပြင် မုံရွာ နမခ စစ်ဌာနချုပ်မှ စစ်ကြောင်းထိုးလာကာ ဟောင်ဝှစ်ဇာ၊ ပါရာမော်တာနှင့် အသေခံ ဒရုန်းများဖြင့် အဆက်မပြတ် ခုခံခဲ့ရပြီး စစ်သားများ ဘန်ကာ အပြင်သို့ မထွက်နိုင်အောင် တစ်ရက်တာ ပိတ်ဆို့ထားနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
မြို့သိမ်းတိုက်ပွဲအတွင်း PDFရဲဘော်၃ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ပြီး နမခ စစ်ကူစစ်ကြောင်း ဖြတ် တောက်ရေးတွင်လည်း PDFရဲဘော်၃ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုများကို မုံရွာခရိုင် ကွပ်ကဲရေးမှူး အပါဝင် မုံရွာ ခရိုင် ပကဖ ၏ကွပ်ကဲ မှုဖြင့် ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်း၊ မုံရွာခရိုင် အမှတ်၂၀ တပ်ရင်း၊ မုံရွာခရိုင် ဗျူဟာ ၆၆တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၃ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ်၂၈ တပ်ရင်း၊ ယင်းမာပင် ခရိုင် 9+1 တပ်ရင်း၊ Burma Army (B.A) အမှတ်၁ တပ်ရင်း၊ မုံရွာ ခရိုင် ဒဒုန်းတပ်ဖွဲ့၊ရွှေဘို ခရိုင် ဒဒုန်းတပ်ဖွဲ့၊ ဘုတလင်မြို့နယ် ပကဖ ၊ ရေဦးမြို့နယ် ပကဖ နှင့်ဒီပဲယင်းမြို့နယ် ပကဖ တို့ ပူး ပေါင်းဆင်နွှဲခြင်းဖြစ်ကြောင်း သိရသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
ဇန်နဝါရီ၁၁ရက်တွင် ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲ အပိုင်း၂ တွင် ဘုတလင်မြို့နယ်လည်း ပါဝင်သည်။
