နိုင်ငံတော်ပုန်ကန်မှုမြောက်သည်ဟုဆိုကာ ပိတ်ပင်ထားသော မြောက်ကိုရီးယားသတင်းစာကို တောင်ကိုရီးယားတွင် လွတ်လပ်စွာဖတ်ရှုခွင့်ပြု

ဓာတ်ပုံ- AFP
ပုံစာ - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့က ဆိုးလ်မြို့ရှိ ကိုရီးယားအမျိုးသားစာကြည့်တိုက်တွင် မြောက်ကိုရီးယားနိုင်ငံ၏ ရိုဒေါင်ရှင်မွန်သတင်းစာအား ဖတ်ရှုနေသူတစ်ဦး၊

AFP

ဒုံးကျည်စမ်းသပ်မှုသတင်းများ၊ ခေါင်းဆောင်ကြီးများကို ချီးမွမ်းခန်းဖွင့်ထားသည့် ဝါဒဖြန့်စာသားများနှင့် အမေရိကန်နိုင်ငံအပေါ် ပြင်းထန်သော ဝေဖန်ပုတ်ခတ်မှုများဖြင့် ပြည့်နှက်နေသည့် မြောက်ကိုရီးယား၏ ထိပ်တန်းသတင်းစာသည် အလွန်အမင်း အန္တရာယ်ရှိသည်ဟု ယူဆရသဖြင့် တောင်ကိုရီးယားအစိုးရက ၎င်း၏နိုင်ငံသားများကို ဖတ်ရှုခြင်းမပြုရန် ကာလရှည်ကြာ ပိတ်ပင်ထားခဲ့သည်။

ယခုအခါ ငြိမ်းချမ်းရေးကို လိုလားသော တောင်ကိုရီးယားသမ္မတ လီဂျေမျောင်က မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ကြိုးပမ်းလျက်ရှိပြီး Rodong Sinmun သတင်းစာကို ဖတ်ရုံဖြင့် ပြည်သူများမှာ “ကွန်မြူနစ်များ ဖြစ်သွားလိမ့်မည်” ဟု မိမိမယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ယခုအပတ်မှစတင်၍ တောင်ကိုရီးယားနိုင်ငံသားများသည် “အလုပ်သမားသတင်းစာ” ဟု အဓိပ္ပာယ်ရသည့် အဆိုပါသတင်းစာကို သတ်မှတ်ထားသော နေရာအချို့တွင် အစိုးရ၏ခွင့်ပြုချက်မလိုဘဲ ဖတ်ရှုနိုင်ပြီဖြစ်သည်။

ဖတ်ရှုလိုသူများအနေဖြင့် မိမိမည်သူမည်ဝါဖြစ်ကြောင်း သက်သေပြရန် သို့မဟုတ် ဖတ်ရှုရခြင်း၏ ရည်ရွယ်ချက်ကို လျှောက်လွှာတင်ပြရန် မလိုအပ်တော့ဘဲ အများပြည်သူဆိုင်ရာ စာကြည့်တိုက်များသို့ သွားရောက် ဖတ်ရှုရန် လိုအပ်မည်ဖြစ်သည်။

မြောက်ကိုရီးယား၏ ဝါဒဖြန့်သတင်းစာကို လွတ်လပ်စွာ ဖတ်ရှုခွင့်ပေးသည့်အပေါ် တောင်ကိုရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်တွင် အမြင်အမျိုးမျိုး ကွဲပြားလျက်ရှိသည်။

မြောက်ကိုရီးယားရှိ မီဒီယာအားလုံးကို အစိုးရက တင်းကျပ်စွာ ထိန်းချုပ်ထားပြီး “ရိုဒေါင်ရှင်မွန်” သည် အာဏာရ အလုပ်သမားပါတီ၏ အာဘော်ကို ဖော်ပြသည့် သတင်းစာဖြစ်သည်။

“ဒါဟာ အိုက်စစ် (ISIS) အဖွဲ့ရဲ့ ဝါဒဖြန့်စာပေတွေကို လူတွေကို ဖတ်ခွင့်ပေးလိုက်သလိုပါပဲ” ဟု အသက် ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား ပတ်စီဝမ်က ပြောကြားခဲ့သည်။ “သူတို့ကို အကြမ်းဖက်အဖွဲ့ထဲ ဝင်စေချင်တာ မဟုတ်ရင် ဒီလိုလုပ်မှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

အသက် ၈၁ နှစ်အရွယ် ဟောင်စီဝမ်ကလည်း ယခုပြောင်းလဲမှုကို လုပ်ဆောင်ရန် မလိုဟုပြောသည်။
“ရန်သူနိုင်ငံရဲ့ သတင်းစာကို လူတွေကို ဖတ်ခွင့်ပေးတာ ဒါမှမဟုတ် ဖတ်ဖို့ လမ်းကြောင်းပေးတာဟာ အလွန်ကို စိုးရိမ်စရာကောင်းတဲ့ စိတ်ကူးပါပဲ” ဟု ၎င်းက ဆိုသည်။

သို့သော် အချို့ကမူ တောင်ကိုရီးယားနိုင်ငံသားများသည် အဆိုပါသတင်းစာကို အပင်ပန်းခံ၍ ရှာဖွေဖတ်ရှုကြလိမ့်မည် မဟုတ်ဟု ယူဆနေကြသည်။ “ဒီဘက်ခေတ်မှာ လူအများစုက ပုံနှိပ်သတင်းစာတွေကိုတောင် မဖတ်ကြတော့ပါဘူး။ သူတို့က ရိုဒေါင်ရှင်မွန်ကို အားထုတ်ပြီး ဖတ်ကြလိမ့်မယ်လို့ ကျွန်မ မထင်ဘူး” ဟု အသက် ၂၇ နှစ်အရွယ် ဘွဲ့လွန်ကျောင်းသူ ဆွန်ယူးဂျင်က ပြောကြားသည်။

တောင်ကိုရီးယားအစိုးရသည် လုံခြုံရေးအကြောင်းပြချက်ဖြင့် မြောက်ကိုရီးယား၏ ဝါဒဖြန့်ချိမှုများအားလုံးကို ကာလရှည်ကြာ ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကန့်သတ်ချက်များစွာ ကျန်ရှိနေသေးပြီး တောင်ကိုရီးယားနိုင်ငံရှိ IP address များမှတစ်ဆင့် မြောက်ကိုရီးယား ဝက်ဘ်ဆိုက်များသို့ ဝင်ရောက်၍ မရသေးပေ။

သောကြာနေ့က ဆိုးလ်အမျိုးသားစာကြည့်တိုက်တွင် အေအက်ဖ်ပီ (AFP) သတင်းထောက်များသည် ရိုဒေါင်ရှင်မွန် သတင်းစာကို လှန်လှောဖတ်ရှုနေသူ အနည်းငယ်ကို တွေ့ရှိခဲ့သည်။ သတင်းစာမျက်နှာများတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ဓာတ်ပုံများဖြင့် ပြည့်နှက်နေပြီး ၎င်း၏အမည်ကို အမြဲတမ်း စာလုံးအမည်းဖြင့် ဖော်ပြထားသည်။

မြောက်ကိုရီးယားမီဒီယာများကို ဖတ်ရှုနိုင်သည့် NK News ဝက်ဘ်ဆိုက်မှ ချတ် အိုကဲရောလ် (Chad O’Carroll) က “တောင်ကိုရီးယားအစိုးရအနေနဲ့ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာဝက်ဘ်ဆိုက်တွေကို ဝင်ရောက်ကြည့်ရှုခွင့် ပေးလိုက်မယ်ဆိုရင်တော့ မြောက်ကိုရီးယားအရေး လေ့လာနေသူတွေအတွက် ပိုပြီး လွယ်ကူသွားမှာပါ” ဟု ဆိုသည်။

မြောက်ကိုရီးယားနိုင်ငံသားများသည် တောင်ကိုရီးယား၏ အကြောင်းအရာများအားလုံးကို ကြည့်ရှုခွင့် ပိတ်ပင်ခံထားရဆဲဖြစ်ပြီး ဖောက်ဖျက်ပါက ပြင်းထန်သော ပြစ်ဒဏ်များ ကျခံရမည်ဖြစ်သည်။