(အတွေးအမြင်)
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်က ညတွင်းချင်း ဝင်ဖမ်းလိုက်တဲ့ဖြစ်စဉ်ဟာ မြန်မာပြည်သူတွေအတွက်တော့ ငါတို့ဆီမှာရော ဒီလိုဖြစ်လာနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ကို တကိုယ်လုံး ရှိန်းရှိန်းဖိန်းဖိန်း ဖြစ်သွားစေလောက်အောင် ရိုက်ခတ်မှုရှိပါတယ်။
ဒါပေမဲ့ လက်တွေ့နိုင်ငံရေးနဲ့ နိုင်ငံတကာဥပဒေဆိုတဲ့ ကျော့ကွင်းကတော့ ရုပ်ရှင်ထဲကလို ဆတ်ခနဲဆို ဖမ်းလိုက်လို့ရတာမျိုးမဟုတ်ဘဲ တော်တော်လေးကို အချိန်ယူရသလို အခြေအနေချင်းကလည်း ကွဲပြားနေတာကို သတိထားဖို့ လိုပါတယ်။
မာဒူရိုကို အမေရိကန်က ဝင်ဖမ်းနိုင်ခဲ့တာဟာ နိုင်ငံတကာဥပဒေထက် စစ်ရေးအင်အားကို ထိထိရောက်ရောက် သုံးလိုက်တာကြောင့်လို့ ဆိုရမှာပါ။ မာဒူရိုမှာက အမေရိကန်တရားရေးဌာနက တိုက်ရိုက်ထုတ်ထားတဲ့ မူးယစ်-အကြမ်းဖက်ဝါဒ စွဲချက်တွေ ရှိနေသလို သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံလည်း ဖြစ်နေတာကြောင့် အမေရိကန်က ဒါကို အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ပြီး ဝင်စီးလိုက်တဲ့ ပုံစံမျိုးပါ။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကျတော့ အခြေအနေက တမျိုးဖြစ်သွားပါတယ်။ သူ့ကို စွဲထားတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ နိုင်ငံတကာဥပဒေအရ အလွန်ကြီးလေးပေမဲ့ အမေရိကန်ပြည်တွင်းဥပဒေနဲ့တင် ဝင်ဖမ်းဖို့ နည်းနည်း ဝေးနေပါသေးတယ်။
ပြီးတော့ မြန်မာနိုင်ငံရဲ့ ပထဝီဝင်အနေအထားအရ အနားမှာ တရုတ်နဲ့ အိန္ဒိယလို အင်အားကြီးနိုင်ငံတွေ ရှိနေတာကလည်း အမေရိကန်အနေနဲ့ မာဒူရိုကို ဖမ်းသလိုမျိုး စစ်တပ်လွှတ်ပြီး ဝင်ဖမ်းဖို့ အကြီးမားဆုံးသော အဟန့်အတား ဖြစ်နေပါတယ်။
နောက်တစ်ခုက ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ကြည့်ရင်လည်း အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC တို့ဆိုတာက ပြောရရင်တော့ ဥပဒေရဲ့ ကြိတ်စက်တွေလိုပါပဲ၊ ကြိတ်တာက အလွန်ညက်ပေမဲ့ တော်တော်လေးကို နှေးပါတယ်။
ICJ ဆိုတာက နိုင်ငံအချင်းချင်း အငြင်းပွားတာကိုပဲ ရှင်းတာမို့ မင်းအောင်လှိုင်ကို လက်ထိပ်ခတ်ဖို့ထက် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သလားဆိုတာကိုပဲ ဆုံးဖြတ်မှာပါ။
တကယ်တမ်း တစ်ဦးချင်းစီကို ဖမ်းဝရမ်းထုတ်နိုင်တဲ့ ICC ကျပြန်တော့လည်း မြန်မာက အဖွဲ့ဝင်မဟုတ်တဲ့အပြင် လုံခြုံရေးကောင်စီမှာ ရုရှားနဲ့ တရုတ်က ဗီတိုအာဏာနဲ့ ပိတ်နေတာကြောင့် ကုလသမဂ္ဂအနေနဲ့ အလွန်စိုးရိမ်ပါတယ် ဆိုတဲ့ ထုတ်ပြန်ချက်ထက် ပိုမရခဲ့တာ နွေဦးတော်လှန်ရေးကာလမှာ တွေ့မြင်ရမှာပါ။
ဒါပေမဲ့ IIMM လို့ခေါ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရားကတော့ အချက်အလက်ပေါင်း သုံးသန်းကျော်ကို စနစ်တကျ စုဆောင်းထားခဲ့တာဖြစ်လို့ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေအတွက်တော့ ပြေးစရာမြေက တစ်နေ့တခြား ကျဉ်းလာနေတာကတော့ အမှန်ပါပဲ။
Nicholas Koumjian ဦးဆောင်တဲ့ IIMM အဖွဲ့ဟာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်ပျက်ခဲ့တဲ့ ရာဇဝတ်မှု အထောက် အထားတွေကို စုဆောင်းထားတာဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အဓိက မှတ်တမ်းတင်ထားတာပါ။ ဒီအချက်အလက်တွေဟာ အနာဂတ်မှာ နိုင်ငံတကာ ခုံရုံးတွေရှေ့ရောက်တဲ့အခါ ငြင်းမရတဲ့ သက်သေတွေ ဖြစ်လာမှာပါ။
ဒါဆို မင်းအောင်လှိုင်ကို မာဒူရိုလို နေထိုင်ရာအထိ ဝင်ဖမ်းဖို့ဆိုတာကတော့ လက်ရှိ နိုင်ငံတကာ အခင်းအကျင်းအရ မဖြစ်နိုင်သလောက် ခဲယဉ်းနေပါသေးတယ်။ ဒါပေမဲ့ မာဒူရို အဖမ်းခံရတဲ့ဖြစ်စဉ်က အာဏာရှင်တွေအတွက်တော့ ဘယ်လောက်ပဲ အာဏာရှိရှိ၊ တစ်နေ့မှာတော့ စာရင်းရှင်းခံရမှာဘဲဆိုတဲ့ အိပ်မက်ဆိုးကို ပေးလိုက်တာပါ။
မင်းအောင်လှိုင်အနေနဲ့ မြန်မာပြည်ထဲမှာ နေသရွေ့တော့ အမေရိကန်က ဝင်ဖမ်းဖို့ ခက်နိုင်ပေမဲ့ Universal Jurisdiction လို့ခေါ်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ခွင့်ရှိတဲ့ နိုင်ငံတွေကို ခြေလှမ်းမှားပြီး ထွက်မိတာနဲ့ လက်ထိပ်ခတ်ခံရမယ့် အန္တရာယ်ကတော့ အမြဲရှိနေပါတယ်။
စစ်ရာဇဝတ်မှု ကျူးလွန်သူတွေဟာ အရေးယူမခံရဘဲ မနေဘူးဆိုတဲ့ စကားအတိုင်း နိုင်ငံတကာဥပဒေရဲ့ ကျော့ကွင်းကတော့ တဖြည်းဖြည်းနဲ့ လည်ပင်းနားကို ရောက်လာနေပြီလို့ပဲ ဆိုရမှာပါ။
မြန်မာ့အရေးအတွက် ကုလသမဂ္ဂဆီကနေ အပြောင်းအလဲကြီးကြီးမားမား မရနိုင်သေးပေမယ့် အမေရိကန်ရဲ့ IIMM အပေါ် ဒေါ်လာတစ်သန်း ထောက်ပံ့ပေးခဲ့တဲ ပုံစံလိုမျိုး ခြေလှမ်းတွေက နိုင်ငံတကာဟာ မျက်စိမှိတ်မနေဘူးဆိုတာကို ပြသနေပါတယ်။ ဒါဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသူတွေအတွက်တော့ အားဆေးတစ်ခွက်ပါပဲ။
နောက်တစ်ခုက နိုင်ငံတကာ ဆက်ဆံရေးမှာ Head of State Immunity လို့ခေါ်တဲ့ နိုင်ငံခေါင်းဆောင် ကင်းလွတ်ခွင့်ဆိုတာ ရှိပါတယ်။ တာဝန်ထမ်းဆောင်ဆဲ ခေါင်းဆောင်တစ်ဦးကို ဝင်ဖမ်းဖို့ဆိုတာ ကြီးမားတဲ့ သံတမန်ရေး ပဋိပက္ခကို ဖြစ်စေနိုင်ပါတယ်။
ဒါပေမဲ့ မာဒူရိုဖြစ်စဉ်မှာ အမေရိကန်က ဒီကင်းလွတ်ခွင့်ကို လုံးဝ အသိအမှတ်မပြုဘဲ ရာဇဝတ်သားလို ဆက်ဆံပြလိုက်တာဟာ မင်းအောင်လှိုင်လို ခေါင်းဆောင်တွေအတွက်တော့ တုန်လှုပ်စရာ သတိပေးချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
စာတည်း-ကိုဆန်း
