ဗင်နီဇွဲလားသမ္မတကို ဖမ်းသကဲ့သို့ မင်းအောင်လှိုင်ကိုလည်း အမေရိကန်က ဝင်ဖမ်းရန် ပြည်သူများ တောင်းဆိုနေ

ဗင်နီဇွဲလားသမ္မတကို ဖမ်းသကဲ့သို့ မင်းအောင်လှိုင်ကိုလည်း အမေရိကန်က ဝင်ဖမ်းရန် ပြည်သူများက ယနေ့(လွတ်လပ်ရေးနေ့)တွင် အမေရိကန်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာ၌ မှတ်ချက်များရေးသား တောင်းဆိုနေကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်သည် ပြည်သူလုထုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အစုလိုက်အပြု့လိုက် သတ်ဖြတ်ခြင်းနှင့် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေသည့်အတွက် နိုင်ငံတကာအနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဗင်နီဇွဲလား သမ္မတကို အရေးယူသကဲ့သို့ အရေးယူပြန် မြန်မာပြည်သူများက အမေရိကန်သံရုံး လူမှုကွန်ရက်စာမျက်နှာ၌ ပြင်းထန်စွာ တောင်းဆိုနေခြင်းဖြစ်သည်။

မကြာသေးမီက ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုအပေါ် အမေရိကန်က ဖမ်းဝရမ်းထုတ်ကာ တရားစီရင်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်ကို အခြေခံ၍ မြန်မာပြည်သူများက အမေရိကန်သံရုံး၏ လူမှုကွန်ရက် မှတ်ချက် (Comments) များတွင် အထက်ပါအတိုင်း တောင်းဆိုးနေကြသည်။

“အာဏာရှင် မာဒူရိုကို ဖမ်းသလိုပဲ၊ ကိုယ့်ပြည်သူကို သတ်နေတဲ့ မင်းအောင်လှိုင်ကိုလည်း အမေရိကန်နဲ့ နိုင်ငံတကာက အမြန်ဆုံး ဝင်ရောက်ဖမ်းဆီးပေးဖို့ မျှော်လင့်ပါတယ်” ဟု အများစုက ရေးသားနေကြသည်။

ထို့ပြင် စစ်ကော်မရှင်၏ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းနှင့် နိုင်ငံတကာကို လှည့်စားရန် ပြင်ဆင်နေသော အတုအယောင် ရွေးကောက်ပွဲများကို ပြည်သူများက လုံးဝလက်မခံဘဲ၊ စစ်အာဏာရှင်ကိုသာ ဖယ်ရှားပေးရန် တောင်းဆိုနေကြသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ သာမန်ပဋိပက္ခ သို့မဟုတ် အုပ်စုနှစ်စုကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ်မဟုတ်ဘဲ၊ တစ်နိုင်ငံလုံးရှိ ပြည်သူများက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဆန့်ကျင်နေသည့် “ပြည်သူ့တော်လှန်ရေး” သာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

“ကျတော်တို့ လိုချင်တာက နိုင်ငံတကာရဲ့ စာနာမှုသက်သက် မဟုတ်ပါဘူး၊ အပြစ်မဲ့ ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်ကောင်တွေကို လက်တွေ့ကျကျ အရေးယူဖမ်းဆီးပေးဖို့ပါ” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ထို့ပြင် အမေရိကန်သံရုံးထုတ်ပြန်ထားသည့် ဆိုရှယ်မီဒီယာပိုစ့်အောက်တွင် ကမ္ဘာ့နိုင်ငံရေးအခြေအနေ နှင့် ​ မြန်မာ့နိုင်ငံရေးအချိန်အခါပေါ်မူတည်၍ ​နိုင်ငံတော်၏ လက်ရှိပကတိအရှိတရားအား လူထုစုပေါင်းအသံထုတ်ရန် စစ်အာဏာရှင်ကိုတော်လှန်နေသည့် လူငယ်များဖြင့်ဖွဲ့စည်းထားသည့် OCTOPUS အဖွဲ့က မြန်မာပြည်သူများကိုတိုက်တွန်းထားသည်။

စစ်ကော်မရှင်သည် စစ်ရှုံးနေသည့်အပြင် လူထု၏ တခဲနက် ဆန့်ကျင်မှုကြောင့် အကျပ်အတည်း ဆိုက်နေချိန်တွင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးကို ဗင်နီဇွဲလားကဲ့သို့ ပြတ်သားသည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ပြည်သူများက မျှော်လင့်လျက်ရှိသည်။

“အခုလို သံရုံးအောက်မှာ အကောင့်စစ်တွေနဲ့ အမေရိကန်နိုင်ငံခြားရေးကလူတွေသိရှိအောင် ဝိုင်းဝန်းပြောဆိုမှုက နိုင်ငံရေးအရထိရောက်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့အတွက် စစ်အာဏာရှင်ကို မလိုလားတဲ့ပြည်သူတိုင်းပါဝင်သင့်ပါတယ် ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်တွင် ၇၈ နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၌ မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက ထပ်တူရှိနေကြောင်း ဆိုထားသည်။

“မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို နှိမ်နင်းနိုင်မှ မြန်မာနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ကျင်လည်နေတဲ့ ကျားဖြန့်ဂိုဏ်းက အမြစ်ပြတ်သွားမှာပါ။ ​မဟုတ်ရင် မြစ်ပွားနာလို တစ်ဖြည်းဖြည်းနဲ့ နိုင်ငံတကာကို တစ်ချိန်ပြန်လှိုက်စားလာမှာပါ။ အဲ့ဒါကြောင့် မင်းအောင်လှိုင်တို့ တစ်ဖွဲ့လုံးကို အရေးယူသင့်တယ်” ဟု မဲဆောက်မြို့သို့ တိမ်းရှောင်လာသည့် တက်ကြွလှုပ်ရှားသူတစ်ဦးက ဆိုသည်။

စာတည်း-ကိုဆန်း