လွတ်ငြိမ်းခွင့်ရ နိုင်ငံရေးအကျဉ်းသား အလွန်နည်းဟုဆို

ဓာတ်ပုံ - MPA

လွတ်ငြိမ်းခွင့်ပေးသည့် အကျဉ်းသား ၆ထောင်ကျော်တွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံက သိရသည်။

ဇန်နဝါရီ ၄ရက်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၆၁၃၄ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲတစ် အရ စစ်ကော်မရှင်က လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

” မနေ့ကတုန်းကလွတ်တဲ့ လွတ်လူတွေထဲမှာဆိုလို့ရှိရင် နိုင်ငံရေးအကျဉ်းသား အရေအတွက် ကျ နော်တို့ စုံစမ်းသိရှိရသလောက်က အရေအတွက် အရမ်းကိုနည်းပါတယ်။ နိုင်ငံရေးအကျဉ်းသားအ မှုလို့တော့ တပ်ထားတာမျိုးမရှိဘူး။ ဒါပေမဲ့၊ အင်းစိန်ထောင်မှာ ဦးရဲထွဋ်နဲ့ပေါ့နော်။ ပြီးတော့ အမျိုး သမီးနိုင်ကျဉ်းတစ်ဦး လွတ်မြောက်လာတာကို တွေ့ရပါတယ်။ အဲ့အမျိုးသမီးကလည်း ဓားပြမှုနဲ့တပ် ခဲ့ထားရတဲ့သူပဲဖြစ်ပါတယ်။ ခုလက်ရှိမှာတော့ ဒီ၂ဦးကိုပဲ စုံစမ်းအတည်ပြုနိုင်ပါသေးတယ်ရှင့်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်၊ ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက MPA သို့ပြောသည်။

ကြံ့ဖွံ့အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ၂၀၂၃ခုနှစ်၊အောက်တိုဘာလကုန်ပိုင်းတွင် စစ်အုပ်စု ကဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅-က နှင့် ထောင်ဒဏ် ၃ နှစ်၊ အစိုးရ အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ကနှင့် ထောင်ဒဏ် ၇ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။ ဦးရဲထွဋ်သည် အင်းစိန်ထောင်ထဲ တွင် ၂နှစ်နှင့်၂လကျော် နေထိုင်ခဲ့ရသည်။

လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေအရပြစ်မှုများ၊ မတရားအ သင်း အက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ ပြစ်မှုများ၊ ၁၉၄၉ခုနှစ် လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်) အက်ဥပဒေအရပြစ်မှုများ၊ ၁၉၂၄ခုနှစ် ရှမ်းပြည်နယ်လက်နက် အ မိန့်ရပြစ်မှုများ၊ ၂၀၂၃ခုနှစ် လက်နက်ဥပဒေရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ တတ် သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ပြစ်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်ဒဏ်တစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသူ၊ အကျဉ်းသားများကို ရာဇဝတ်ကျင့် ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲတစ်အရ ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံသာ လွတ်ငြိမ်း သက်သာခွင့်ပေးကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၂ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ် ပေးလိုက်ကြောင်းလည်း ထုတ်ပြန်ထားသည်။