၂၀၂၅ ခုနှစ်အတွင်း တရုတ်က ထိုင်ဝမ်၏ အဓိကအခြေခံအဆောက်အအုံများအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများ တစ်နေ့လျှင် ပျမ်းမျှ ၂.၆၃ သန်းအထိ ရှိခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရို (National Security Bureau) က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုများတွင် ဆေးရုံများမှသည် ဘဏ်များအထိ ပါဝင်ပြီး ယခင်နှစ်ထက် ၆ ရာခိုင်နှုန်း မြင့်တက်လာပြီး တစ်နေ့လျှင် ပျမ်းမျှ ၂.၆၃ သန်းအထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အချို့သော တိုက်ခိုက်မှုများသည် ထိုင်ဝမ်အား အလုပ်များရပ်ဆိုင်းသွားအောင် ရည်ရွယ်သည့် “ပေါင်းစပ်ခြိမ်းခြောက်မှုများ” (Hybrid Threats) အဖြစ် စစ်ရေးလေ့ကျင့်မှုများနှင့် တစ်ချိန်တည်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အမျိုးသားလုံခြုံရေးဗျူရိုက တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်အတွင်း နေ့စဉ်ပျမ်းမျှ တိုက်ခိုက်မှုအရေအတွက်သည် အချက်အလက်များကို စတင်ထုတ်ပြန်ခဲ့သည့် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၁၃ ရာခိုင်နှုန်းအထိ ခုန်တက်သွားကြောင်း သိရသည်။
အထူးသဖြင့် စွမ်းအင်ကဏ္ဍ၊ အရေးပေါ်ကယ်ဆယ်ရေးနှင့် ဆေးရုံကဏ္ဍများတွင် ယခင်နှစ်ထက် တိုက်ခိုက်ခံရမှုနှုန်း အမြင့်မားဆုံး မြင့်တက်လာခဲ့သည်ဟု ဆိုသည်။
“ဒီလိုဖြစ်စဉ်မျိုးဟာ ထိုင်ဝမ်ရဲ့ အဓိကအခြေခံအဆောက်အအုံတွေကို ဘက်ပေါင်းစုံကနေ ထိခိုက်ပျက်စီးအောင် လုပ်ဖို့နဲ့ ထိုင်ဝမ်အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ၊ လူမှုရေးဆိုင်ရာ လည်ပတ်မှုတွေကို နှောင့်ယှက်ဖို့ ဒါမှမဟုတ် ချိနဲ့သွားအောင်လုပ်ဖို့ တရုတ်က တမင်တကာ ကြံစည်အားထုတ်နေတာကို ညွှန်ပြနေတာဖြစ်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်၏ “ဆိုက်ဘာစစ်တပ်” သည် စစ်ရေးနှင့် နိုင်ငံရေးအရ ဖိအားပေးမှုများနှင့် အချိန်ကိုက်၍ လုပ်ဆောင်ခဲ့ကြောင်း ဗျူရိုက ဆိုသည်။
ဥပမာ တရုတ်နိုင်ငံသည် ထိုင်ဝမ်အနီးသို့ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ စေလွှတ်၍ “ပူးပေါင်းတိုက်ပွဲဝင်အသင့်ဖြစ်မှု ကင်းလှည့်ခြင်း” အကြိမ်ပေါင်း ၄၀ ပြုလုပ်ခဲ့ရာတွင် ၂၃ ကြိမ်၌ ဆိုက်ဘာတိုက်ခိုက်မှုများပါ အရှိန်အဟုန်မြှင့် ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
ထို့အပြင် နိုင်ငံရေးအရ ထိရှလွယ်သော အချိန်အခါများဖြစ်သည့် သမ္မတ လိုင်ချင်းတယ်ရာထူးသက်တမ်း တစ်နှစ်ပြည့်အဖြစ် မေလတွင် မိန့်ခွန်းပြောကြားချိန်နှင့် ဒုတိယသမ္မတ ရှောင်ပီခင်က နိုဝင်ဘာလအတွင်း ဥရောပပါလီမန် အမတ်များနှင့် တွေ့ဆုံစဉ်အတွင်း၌လည်း ဟက်ကာဖြင့် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
“တရုတ်ရဲ့ လှုပ်ရှားမှုတွေဟာ ငြိမ်းချမ်းတဲ့ကာလမှာရော စစ်မက်ဖြစ်ပွားတဲ့ကာလမှာပါ ထိုင်ဝမ်အပေါ် ပေါင်းစပ်ခြိမ်းခြောက်မှုတွေ အသုံးပြုဖို့ဆိုတဲ့ သူတို့ရဲ့ မဟာဗျူဟာမြောက် လိုအပ်ချက်နဲ့ ကိုက်ညီနေပါတယ်” ဟု အစီရင်ခံစာက ဆိုသည်။
တရုတ်အစိုးရကမူ ဟက်ကာဖြင့် တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်နေခြင်းကို အစဉ်တစိုက် ငြင်းဆိုလေ့ရှိသည်။
ထိုင်ဝမ်၏ အစီရင်ခံစာအရ တရုတ်၏ တိုက်ခိုက်မှုများတွင် ထိုင်ဝမ်၏ နေ့စဉ်ဘဝကို နှောင့်ယှက်ရန် ရည်ရွယ်သည့် Distributed Denial-of-Service (DDoS) တိုက်ခိုက်မှုများနှင့် သတင်းအချက်အလက်များကို ခိုးယူရန်နှင့် ဆက်သွယ်ရေးကွန်ရက်အတွင်း ထိုးဖောက်ဝင်ရောက်ရန် အလယ်မှ ကြားဖြတ်ဝင်ရောက်သည့် Man-in-the-middle တိုက်ခိုက်မှုများ ပါဝင်ကြောင်း သိရသည်။
TSMC ကဲ့သို့သော ကုမ္ပဏီများအခြေစိုက်ရာ ထိုင်ဝမ်၏ ဆီမီးကွန်ဒတ်တာ လုပ်ငန်းများရှိသည့် သိပ္ပံဥယျာဉ် (Science Parks) များမှာလည်း အဓိက ပစ်မှတ်ထားခြင်း ခံခဲ့ရပြီး တိုက်ခိုက်သူများသည် အဆင့်မြင့်နည်းပညာများကို ခိုးယူရန် နည်းလမ်းမျိုးစုံကို အသုံးပြုခဲ့ကြဟုလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
