မြစ်ဆုံစီမံကိန်း ပြန်စရန် ကြိုးပမ်းနေခြင်းသည် စစ်အုပ်စု အာဏာတည်မြဲရေးအတွက် နိုင်ငံ၏ နှလုံးသားကို ထိုးကျွေးလိုက်ခြင်းဖြစ်ကြောင်း NUG အစိုးရ ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး၊ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
စစ်တပ်အနေဖြင့် တရားမဝင်အတုအယောင် ရွေးကောက်ပွဲပြီးသည်နှင့် မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည်စတင်ရန် စီစဉ်နေသည်နှင့် ပတ်သက်၍ ယနေ့(ဇန်နဝါရီ၆ရက်)ပြုလုပ်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်းအစီအစဉ်တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့အသံကို နာခံပြီး ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေး တော်လှန်ရေး မဟာမိတ်များနဲ့ ပူးပေါင်းပြီး အစွမ်းကုန် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးပြောကြားလိုပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။
မြစ်ဆုံစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးများသည် အစားထိုးမရနိုင်အောင် ကြီးမားကြောင်းလည်း ၎င်းကဆိုသည်။
“ဆည်ကြောင့် နုန်းမြေစီးဆင်းမှုရပ်တန့်သွားရင် ဧရာဝတီတိုင်းက လယ်ယာမြေတွေရဲ့ မြေဆီလွှာ ပျက်စီးသွားမှာ ဖြစ်သလို ၊ မြစ်ရေစီးအား မမှန်ကန်တော့တဲ့အတွက် ပင်လယ်ဆားငန်ရေတွေ ကုန်းတွင်းပိုင်းကို ဆန်တက်လာပြီး မြစ်ဝကျွန်းပေါ်ဒေသ တစ်ခုလုံး စိုက်ပျိုးလို့ မရနိုင်အောင် ပျက်စီးသွားနိုင်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းငလျင် ပြတ်ရွေ့နဲ့ နီးကပ်လွန်းတာကြောင့် ဆည်ကျိုး ပေါက်ခဲ့ရင်လည်း ကချင်ပြည်နယ်က မြို့ကြီးတွေဟာ မိနစ်ပိုင်းအတွင်း ရေအောက်ရောက်သွား နိုင်တဲ့ အန္တရာယ်ရှိနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်အုပ်စုသည် တရားမဝင် အာဏာလု အကြမ်းဖက်အဖွဲ့အစည်းသာ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတများကို ရောင်းချပိုင်ခွင့် ၊ နိုင်ငံတကာ စာချုပ်များ ချုပ်ဆိုပိုင်ခွင့် လုံးဝမရှိကြောင်းနှင့် စစ်အုပ်စုနှင့် ချုပ်ဆိုသော မည်သည့် စီးပွားရေးစာချုပ်မဆို ဖြစ်ပေါ်လာသည့် ဆုံးရှုံးနစ်နာမှုမှန်သမျှသည်လည်း စစ်အုပ်စုနှင့် ရင်းနှီးမြှုပ်နှံသူများ၏ တာဝန်သာဖြစ်သည်ကို NUG အစိုးရအနေဖြင့် တရားဝင်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ဆိုသည်။
ယင်းစီမံကိန်းကြောင့် အနာဂတ်တွင် မြန်မာနိုင်ငံသာမက ဒေသတွင်း နိုင်ငံများအတွက်ပါ အလွန်ကြီးမား ဆိုးဝါးသည့် သက်ရောက်မှုများ ဖြစ်လာမည်ဖြစ်သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဂေဟစနစ်ကို ထိခိုက်စေနိုင်မည့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ် Global issue အဖြစ် သတ်မှတ်ကာ ဝိုင်းဝန်းထိန်းကျောင်းပေးရန်လည်း သတင်းစကားပါးခဲ့သေးသည်။
