တရုတ်နိုင်ငံအခြေစိုက် Global Times သတင်းဌာနက ၂၀၂၅ ခုနှစ်အတွင်း ကောက်ယူခဲ့သော ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းတစ်ရပ်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ “လူသားမျိုးနွယ် ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး” အယူအဆအပေါ် နိုင်ငံတကာ၏ ထောက်ခံမှုမှာ ၇၀ ရာခိုင်နှုန်းကျော်အထိ ရှိနေကြောင်း ဝါဒဖြန့်ထားပြီး အဆိုပါ ဝါဒဖြန့်မှုကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာဘာသာပြန်ဖြင့် ထပ်ဆင့် ပြန်လည် မျှဝေထားသည်။
သို့ရာတွင် အဆိုပါ စစ်တမ်းရလဒ်များသည် အိမ်နီးချင်း မြန်မာနိုင်ငံ၏ မြေပြင်အခြေအနေနှင့် ပြည်သူတို့၏ သဘောထားနှင့်မူ ကြီးစွာကွာဟလျက်ရှိကြောင်း လေ့လာသူများက ထောက်ပြဝေဖန်ကြသည်။
အဆိုပါ စစ်တမ်း၌ ဖြေဆိုသူ ၄ ပုံ ၃ ပုံက တရုတ်နိုင်ငံ၏ အိမ်နီးချင်းမူဝါဒသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနေသည်ဟု အပြုသဘော ရှုမြင်ကြသော်လည်း မြန်မာနိုင်ငံသား အများစုကမူ ယင်းအချက်ကို မေးခွန်းထုတ်လျက် ရှိကြသည်။
အထူးသဖြင့် မြန်မာနိုင်ငံ စစ်အာဏာသိမ်းကာလအတွင်း တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်များသည် တော်လှန်ရေးဘက်ယိမ်းသော မြန်မာပြည်သူများအကြား ပြင်းထန်သော ဒေါသနှင့် မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
“တရုတ်က အကျိုးတူအသိုက်အဝန်းဆိုတဲ့ စကားရပ်ကို အကာအကွယ်ယူပြီး သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင်နေတာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ဒုက္ခအရပ်ရပ်ထက် မြန်မာက သူတို့ရဲ့ စီမံကိန်းတွေနဲ့ အကျိုးအမြတ်က သူတို့အတွက် ပိုမိုဦးစားပေးကိစ္စလို့ပဲ ရှုမြင်ပါတယ်” ဟု ရန်ကုန်မြို့မှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
တရုတ်အစိုးရအနေဖြင့် ၎င်း၏ပုံရိပ်ကို ကမ္ဘာ့အဆင့်တွင် အမွှမ်းတင်ရန် ကြိုးပမ်းနေသော်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာများတွင်မူ စစ်အာဏာသိမ်းပြီးကတည်းက ပြည်သူများ၏ ပြင်းပြင်းထန်ထန် သရော်လှောင်ပြောင်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
အထူးသဖြင့် ယခု ထွက်ပေါ်လာသည့် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်းမူဝါဒနှင့် ပတ်သက်သည့် ရေးသားချက်အောက်တွင် မြန်မာပြည်သူတစ်ဦးက “တမနက်လုံး အလုပ်ပင်ပန်းပြီး မျက်နှာသုန်မှုံနေတာ၊ အခုပို့စ်ကို မြင်တွေ့လိုက်ရမှ အသံထွက်အောင် ရယ်မိတော့တယ်။ ကျေးဇူးပါဗျို့” ဟု သရော်စာ ရေးသားခဲ့သည့်နည်းတူ အခြားသော ဝေဖန်လှောင်ပြောင်မှုများလည်း အမြောက်အမြား ရှိနေသည်ကို တွေ့ရှိရသည်။
ယင်းကဲ့သို့သော မှတ်ချက်များသည် တရုတ်အစိုးရ၏ ဝါဒဖြန့်ချိမှုများနှင့် မြေပြင်မှ မြန်မာပြည်သူများ၏ လက်တွေ့ခံစားချက်များ မည်မျှအထိ ကွာဟနေသည်ကို ထင်ရှားစွာ ပြသနေခြင်းပင် ဖြစ်ပါသည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။
မြန်မာပြည်သူအများအပြား တရုတ်နိုင်ငံအပေါ် သံသယပွားရသည့် အဓိကအကြောင်းရင်းတစ်ရပ်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီဖြစ်သော မြစ်ဆုံစီမံကိန်းကြောင့်လည်း အပါအဝင်ဖြစ်သည်။ ၎င်းတို့၏ နိုင်ငံတကာစစ်တမ်း၌ တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အယူအဆများကို ၈၀ ရာခိုင်နှုန်းက ထောက်ခံနေကြသည်ဟု ဖော်ပြထားသည်။
နိုင်ငံရေးလေ့လာသူတစ်ဦးက “တရုတ်နိုင်ငံက ပြည်တွင်း စိမ်းလန်းစိုပြည်ရေးကို အလေးထားကြောင်း ပြောတယ်ဆိုပေမဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အထူးသဖြင့် မြန်မာက မြစ်ဆုံစီမံကိန်းနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလို စီမံကိန်းတွေမှာ ပြည်သူတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး အတင်းအဓမ္မ လုပ်ဆောင်နေတာ၊ လုပ်ဆောင်ခဲ့တာသက်သေပါပဲ။ ဒါကြောင့်လည်း တရုတ်နိုင်ငံကို အာဏာရှင်တွေကလွဲလို့ လက်ရှိကာလမှာ အိမ်နီးချင်းကောင်းထက် အခွင့်အရေးသမားအဖြစ် မြင်နေတာမျိုးပါ”ဟု သုံးသပ်ထားသည်။
တရုတ်နိုင်ငံ၏ ၂၀၂၅ ခုနှစ် စစ်တမ်းအရ အာဆီယံနိုင်ငံများမှ ဖြေဆိုသူ ၇၀ ရာခိုင်နှုန်းကျော်က တရုတ်၏ စီးပွားရေးအင်အားကို အားကိုးလိုကြသော်လည်း မြန်မာနိုင်ငံ၌မူ ၎င်း၏ ဩဇာလွှမ်းမိုးမှုအပေါ် စိုးရိမ်ပူပန်မှုက ပိုမိုမြင့်မားနေသည်။ အထူးသဖြင့် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် ကစားကွက်များသည် မြန်မာ့ပြည်တွင်းရေးအပေါ် အမြတ်ထုတ်နေခြင်း ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ရှုမြင်လျက် ရှိသည်။
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းများဖြင့် ၎င်း၏ ပုံရိပ်ကို အမွှမ်းတင်နေသော်လည်း မြန်မာနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများမှ ပြည်သူတို့၏ ယုံကြည်မှုကို ရရှိရန်မှာမူ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားထက် ဒေသခံပြည်သူတို့၏ ဆန္ဒနှင့် လူသားချင်းစာနာမှုကို မည်မျှအလေးထားမည်နည်း ဆိုသည့်အပေါ်၌သာ အဓိက မူတည်နေမည်ဟု သုံးသပ်မှုများ ရှိလာသည်။
