မိုင်တဲလ် နှင့် ဆက်စပ် အကောင့်ပေါင်း ၁၀၀၀ ကျော်ကို Facebook ဖယ်ရှား

ဓာတ်ပုံ - လူမှုကွန်ရက်
ပုံစာ- ၂၀၁၈ခုနှစ်က ပြုလုပ်သော မိုင်တဲလ်ဖွင့်ပွဲ

မိုင်တဲလ်(Mytel)နှင့် ဆက်စပ်စာမျက်နှာ၊ Group နှင့် အကောင့်ပေါင်း ၁၀၀၀ကျော်ကို Facebook က ဖယ်ရှားလိုက်ကြောင်းသိရသည်။

Facebook သည် မိုင်တဲလ်၊ မိုင်တဲလ် ကိုယ်စားလှယ်များနှင့် လက်လီအရောင်းဆိုင်များ၏ စာမျက်နှာပေါင်း ၁၀၀၀ ကျော်ကို ဖယ်ရှားလိုက်ရာ၊ ၄င်းသည် မြန်မာစစ်တပ်ထိန်းချုပ်ထားသော ဆက်သွယ်ရေးကွန်ရက်၏ အွန်လိုင်းတည်ရှိမှုအပေါ် ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်လာစေခဲ့ကြောင်း Justice For Myanmar ကထုတ်ပြန်သည်။

ယင်းသို့ ဖယ်ရှားမှုသည် Facebook လူမှုကွန်ရက်၏ မိခင်ကုမ္ပဏီ Meta က ၂၀၂၁ ခုနှစ်တွင် ချမှတ်အကောင်အထည်ဖော်ခဲ့သည့် မြန်မာစစ်တပ်ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်‌သည့် Facebook ၏မူဝါဒနှင့်လည်း ကိုက်ညီကြောင်းသိရသည်။

ထိုအချိန်က Mytel ကို Facebook က ဖယ်ရှားခဲ့ပြီးဖြစ်သော်လည်း ကုမ္ပဏီသည် စာမျက်နှာသစ်များ ဖွင့်လှစ်ကာ ပိတ်ပင်မှုကို ရှောင်ရှားခဲ့သလို၊ တစ်ဖက်တွင်လည်း မိုင်တဲလ်ကိုယ်စားလှယ်များနှင့် အရောင်းဆိုင်များ၏ အကောင့်များသည် ယခုအချိန်အထိ ဆက်လက်လည်ပတ်နေဆဲဖြစ်‌သည်။

ဖြုတ်ချခဲ့ပြီးဖြစ်သည့် MRTV Friday Night Live Show စာမျက်နှာနှင့်အတူ ဆက်လက်လည်ပတ် နေဆဲ ဖြစ်သည့်စာမျက်နှာများကို ယခုသီတင်းပတ်အတွင်း Facebook ထံ သတင်းပို့တိုင်ကြား ခဲ့ခြင်းဖြစ်ကြောင်း JFM ကဆိုသည်။

မိုင်တဲလ် အမည်ဖြင့် လုပ်ကိုင်နေသော Telecom International Myanmar ကို စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global ကော်ပိုရေးရှင်းနှင့် မြန်မာခရိုနီများ၏ ဦးပိုင်ကုမ္ပဏီတစ်ခုတို့က ပိုင်ဆိုင်ပြီး ယင်းကုမ္ပဏီသည် မြန်မာစစ်တပ်ထံ အခွန်ဝင်ငွေများနှင့် နည်းပညာများ ပေးအပ်နေကာ စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် သတင်းအချက်အလက် စိစစ်ဖြတ်တောက်ခြင်းများတွင်လည်း ကူညီပံ့ပိုးပေးလျက်ရှိကြောင်းသိရသည်။

Mytel ၏ အမြတ်ငွေခန့်မှန်းချက်များအရ မြန်မာစစ်တပ်သည် Mytel လုပ်ငန်းလည်ပတ်မှု ၅နှစ်မှ ၉နှစ်အတွင်း ၎င်းတို့၏ ရှယ်ယာပိုင်ဆိုင်မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၇၀ အထိ ရရှိနိုင်ဖွယ်ရှိပြီး၊ ယင်းနောက်ပိုင်း ၅နှစ်တာကာလအတွင်း နောက်ထပ် ဒေါ်လာ သန်း ၄၅၀ ထပ်မံရရှိနိုင်ကြောင်း တွေ့ရကာ ၎င်းသည် စစ်တပ်နှင့် ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများအတွက် ကြီးမားသော ဝင်ငွေရပေါက်ကြီး တစ်ခု ဖြစ်လာစေကြောင်းသိရသည်။

စစ်တပ်ကို ဘဏ္ဍာငွေထောက်ပံ့ခြင်းနှင့် ၎င်းတို့၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းမှုများကို ကူညီပံ့ပိုးပေးခြင်းအားဖြင့် Mytel သည် မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီလျက်ရှိကြောင်း JFM ကဆိုသည်။

မိုင်တဲလ်၏ အပ်ပလီကေးရှင်းများကို Google Play Store နှင့် Apple App Store တို့တွင် လက်ခံပေးထားသည့် Alphabet နှင့် Apple တို့ အပါအဝင် အခြားနည်းပညာကုမ္ပဏီများအနေဖြင့် မိုင်တဲလ်အပေါ် ပိတ်ပင်အရေးယူမှုများ ဆောင်ရွက်ကြရန် Justice For Myanmar က တောင်းဆိုထားသည်။