ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်နိုင်ရန် အမေရိကန်ဒေါ်လာ ၄၅ သန်း (ဘတ် ၁ ဒသမ ၄ ဘီလီယံ) ကူညီ ထောက်ပံ့မည်ဖြစ်ကြောင်း အရှေ့အာရှဆိုင်ရာ အဆင့်မြင့်အမေရိကန်သံတမန်တစ်ဦးက ဒေသတွင်းသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ဇန်နဝါရီ ၉ ရက်က ပြောကြားခဲ့သည်။
“ကမ္ဘောဒီးယားနဲ့ ထိုင်းအစိုးရတို့အနေနဲ့ ကွာလာလမ်ပူ ငြိမ်းချမ်းရေးသဘောတူညီချက်တွေကို အကောင်အထည်ဖော်ပြီး ပြည်သူတွေနဲ့ ဒေသတွင်းအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ တည်ငြိမ်ရေးတို့ဆီ ပြန်လည်ရောက်ရှိနိုင်ဖို့ လမ်းခင်းပေးနေတာကို အမေရိကန်က ဆက်လက်ပံ့ပိုးကူညီသွားမှာပါ” ဟု အရှေ့အာရှဆိုင်ရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ဒီဆွန်ဘရေက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ဒီဆွန်ဘရေသည် ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ဘန်ကောက်နှင့် ဖနွမ်းပင်မြို့တို့၌ ထိုင်းနှင့် ကမ္ဘောဒီးယား အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေးသဘောတူညီချက်များ အကောင်အထည်ဖော်ရေးနှင့် “ပိုမိုဘေးကင်း၊ သန်စွမ်းပြီး သာယာဝပြောသော အင်ဒို-ပစိဖိတ်ဒေသ ဖြစ်လာစေရေးအတွက် ဘုံအကျိုးစီးပွားများ မြှင့်တင်ရန် ကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုများ” အတွက် ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။
သမ္မတ ထရန့်လက်ထက်တွင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြားအကူအညီပေးရေး အစီအစဉ်များကို လျှော့ချခဲ့သော်လည်း၊ ယခုအခါ မကြာသေးမီက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ထိခိုက်ခဲ့သည့် လူ့အဖွဲ့အစည်းများ ပြန်လည်ထူထောင်ရန်နှင့် အိုးအိမ်စွန့်ခွာခဲ့ရသူများကို ကူညီရန်အတွက် နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် ဒေါ်လာ ၅ သန်း၊ မပေါက်ကွဲသေးသော လက်နက်ခဲယမ်းများနှင့် မိုင်းများ ရှင်းလင်းရေးအတွက် ဒေါ်လာသန်း ၂၀ တို့ကို ထောက်ပံ့မည်ဟု ဒီဆွန်ဘရေက ပြောကြားခဲ့သည်။
ထို့ပြင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများကို တိုက်ဖျက်မည့် အစီအစဉ်များအပြင် အခြားသော စီမံချက်များအတွက် ဒေါ်လာ သန်း ၂၀ ကိုလည်း ပံ့ပိုးပေးမည်ဟု ဆိုသည်။
အရှေ့တောင်အာရှတွင် အခြေစိုက်သည့် အဆိုပါ ငွေလိမ်ဂိုဏ်းများသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားကာ ငွေကြေးဆိုင်ရာ လိမ်လည်မှုများ လုပ်ဆောင်နေသောကြောင့် ထရန့်အစိုးရက ယင်းတို့ကို တိုက်ဖျက်ရေးကို ဦးစားပေး လုပ်ဆောင်လျက်ရှိသည်။
