ဆန္ဒပြမှုများ အရှိန်မြင့်တက်လာသည့် အီရန်ကို စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်ရန် အမိန့်ပေးနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၉ ရက်တွင် သတိပေးလိုက်သည်။
ထန့်က “အီရန်ဟာ ဒုက္ခအကြီးအကျယ် ရောက်နေပါပြီ။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ဘယ်သူမှ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တဲ့ မြို့အချို့ကို ပြည်သူတွေက သိမ်းပိုက်ထိန်းချုပ်နေတာကို ကျွန်တော် မြင်တွေ့နေရပါတယ်” ဟု ဆိုသည်။
အီရန်ခေါင်းဆောင်ပိုင်းကိုလည်း “ခင်ဗျားတို့ သေနတ် စမဖောက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ ပစ်ရင် ကျွန်တော်တို့ဘက်ကလည်း ပြန်ပစ်မှာမို့လို့ပဲ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
“အီရန်ခေါင်းဆောင်တွေက အရင်တုန်းကလိုမျိုး ပြည်သူတွေကို စတင်သတ်ဖြတ်လာမယ်ဆိုရင် ကျွန်တော်တို့ ဝင်ရောက်ပတ်သက်ပါလိမ့်မယ်” ဟု လည်း ပြောကြားခဲ့သည်။
“ဒါဟာ မြေပြင်တပ်ဖွဲ့ဝင်တွေ ချထားမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့ အထိနာစေမယ့် နေရာတွေကို အပြင်းအထန် တိုက်ခိုက်မယ်လို့ ဆိုလိုတာပါ” ဟု ထရန့်က ဆိုသည်။
AFP သတင်းဌာနက အတည်ပြုထားသည့် ရုပ်သံမှတ်တမ်းတစ်ခုတွင် တီဟီရန်မြို့၊ ဆာဒတ်တာဘတ်ဒ် ခရိုင်အတွင်းရှိ ပြည်သူများသည် အိုးခွက်ပန်းကန်များကို တီးခတ်၍ အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို ရည်ညွှန်းကာ “ခါမေနီ ကျဆုံးပါစေ” ဟူသော အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။
နယူးယောက်အခြေစိုက် အီရန်လူ့အခွင့်အရေးစင်တာက တီဟီရန်၊ မတ်ရှ်ဟတ်ဒ်နှင့် ကာရက်ဂျ်မြို့များရှိ ဆေးရုံများတွင် ဒဏ်ရာရရှိထားသည့် ဆန္ဒပြသူများဖြင့် ပြည့်နှက်နေကြောင်း ခိုင်လုံသော မျက်မြင်သက်သေများ၏ ပြောကြားချက်အရ သိရှိရသည်ဟု ဆိုသည်။
တက်ကြွလှုပ်ရှားသူတစ်ဦး၏ ရုပ်သံမှတ်တမ်းတွင် တီဟီရန်မြို့ ဆာဒတ်တာဘတ်ဒ်ခရိုင်၌ မီးလောင်ကျွမ်းမှုများဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေသည့် မြင်ကွင်းများကို တွေ့ရပြီး၊ ဗလီတစ်ခု မီးရှို့ခံရကြောင်းနှင့် ဆန္ဒပြသူများက “အာဏာရှင် ကျဆုံးပါစေ” ဟု ကြွေးကြော်နေကြသည်ကို ကြားရသည်။
ဇန်နဝါရီ ၈ ရက်ညက ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများအတွင်း ဘဏ်ပေါင်း ၅၀ ကျော်နှင့် အစိုးရအဆောက်အအုံ အများအပြား မီးရှို့ခံခဲ့ရကြောင်း တီဟီရန်မြို့တော်ဝန် အလီရီဇာ ဇာကာနီက ပြောကြားခဲ့သည်။
နိုင်ငံပိုင် Mehr သတင်းဌာနက ထုတ်လွှင့်သည့် ရုပ်သံတွင် ၎င်းက “ဗလီပေါင်း ၃၀ ကျော် မီးလောင်ကျွမ်းခဲ့သည်” ဟု ထည့်သွင်းပြောကြားသွားသည်။
အီရန်အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် ဖျက်ဆီးလိုသူများနှင့် နှောင့်ယှက်သူများသာဖြစ်သည်ဟု ဆိုကာ ဆန္ဒပြပွဲများကို ပယ်ချလိုက်သည်။
အီရန်အစိုးရသည် အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုများကိုလည်း ပိတ်ပင်ထားကာ ဆန္ဒပြသူများကို အပြစ်ပေးမည်ဟု ကြေညာထားသည်။
အီရန်အစိုးရက ဆန္ဒပြသူများအား နှိမ်နှင်းနေမှုအပေါ် ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်တို့က ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
“အီရန်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှု သတင်းတွေအပေါ် ကျွန်ုပ်တို့ အထူးစိုးရိမ်မိပြီး ဆန္ဒပြသူတွေကို သတ်ဖြတ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် “အီရန်အာဏာပိုင်တွေအနေနဲ့ မိမိတို့ပြည်သူကို အကာအကွယ်ပေးဖို့ တာဝန်ရှိသလို၊ လက်စားချေခံရမှာကို မစိုးရိမ်ရဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။ အီရန်အာဏာပိုင်တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့၊ အကြမ်းဖက်မှုတွေကို ရှောင်ကြဉ်ဖို့နဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးတွေကို လေးစားလိုက်နာဖို့ တိုက်တွန်းပါတယ်” ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
