တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်နေသည့် ချောင်းဦးမြို့ပေါ်တွင် ပစ်ခတ်သံများ ကြားနေရ

ဓာတ်ပုံ - လူမှုကွန်ရက်

တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်နေသည့် ချောင်းဦးမြို့ပေါ်တွင် လက်နက်ကြီး၊ငယ် ပစ်ခတ်သံများ ကို ကြားနေရကြောင်း သိရသည်။

ယနေ့ (ဇန်နဝါရီ ၁၁ရက်)တွင် တရားမဝင်ရွေးကောက်ပွဲအပိုင်း၂အဖြစ် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် ရွေးကောက်ပွဲပြုလုပ်လျက်ရှိပြီး နံနက် ၁၁နာရီကျော်က မြို့တွင်း၌ သေနတ်ပစ်ခတ်သံများ ကြားနေရကြောင်း ချောင်းဦးမြို့နယ်ပကဖ ထံက သိရသည်။

” လက်ရှိအချိန်ကတော့ မြို့ပေါ်မှာ ခွေးတွေလည်း ‌ခြေရှုပ်နေတယ်။ ပစ်ခတ်သံတွေလည်း ကြားရ တယ်ဗျ။ လှုပ်ရှားမှုလည်း ရှိပုံရတယ်။ ဒီဘက်က တော်လှန်ရေးအဖွဲ့တွေဘက်က။မြို့ပေါ်ကနေ လက်ရှိအချိန်ထိအောင် လက်နက်ကြီးတွေထုနေတာရှိတယ်ဗျ” ဟု ချောင်းဦးမြို့နယ်ပကဖ၊ သတင်းတာဝန်ခံက MPAသို့ပြောသည်။

ချောင်းဦးမြို့ပေါ်စစ်တပ်က ရွေးကောက်ပွဲလုံခြုံရေးအတွက် တော်လှန်ရေးစိုးမိုးနယ်မြေများဆီသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

” လတ်တလောမြို့ပေါ်အနေအထားက ဒီဘက်ကို ဖုန်းမခေါ်ရဲဘူး ဖြစ်နေတာ။ အင်အားလည်း တိုးထားတယ်လေ။ ဒီဇင်ဘာ ၉ရက်လောက်ကတည်းက နမခ(မုံရွာမြို့အနောက်မြောက်တိုင်းစစ် ဌာနချုပ်) ကနေ အင်အားတိုးထားပြီးတော့ တစ်မြို့လုံးပတ်နေတဲ့ အနေအထား” ဟု ၎င်းက ဆက်လက်ပြောသည်။

ချောင်းဦးမြို့ပေါ် စာသင်ကျောင်းများတွင် မဲရုံများဖွင့်လှစ်ထားပြီး ယနေ့နေ့ခင်းပိုင်း အထိ ချောင်းဦးမြို့ပေါ်ရှိ မဲရုံများသို့ မြို့ခံများ မဲလာပေးမှုအခြေအနေကို မသိရသေးပေ။
မဲမပေးလိုသည့် ချောင်းဦးမြို့ခံအချို့မှာမူ တော်လှန်ရေးစိုးမိုးနယ်မြေထဲသို့ တိမ်းရှောင်လာကြ ကြောင်း သိရသည်။

” တချို့ရှောင်လာတာရှိတယ်။ မြို့ပေါ်က ပြည်သူတွေက မဲမပေးချင်တဲ့အတွက်ကြောင့် ဒီတော်လှန်ရေးအင်အားစုတွေဘက်က လှုပ်ရှားမှုကို မျှော်နေကြတာတွေရှိတယ်လို့ သတင်းတွေရတယ်ဗျ” ဟု ၎င်းကပြောသည်။

ချောင်းဦးမြို့နယ်၊ ကင်းမွန်တော်ပျူရွာနှင့် ကံကြီကုန်းပျူရွာကို တော်လှန်ရေးအင်အားစုများက ဖြတ်၄ဖြတ်လုပ်ထားသဖြင့် မြို့ပေါ်သို့ မဲသွားပေးနိုင်ခြင်းမရှိကြောင်းသိရသည်။
ချောင်းဦးမြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၆အုပ်စုတွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားသည်။