မွန်ပြည်သူတို့က တရားမဝင်ရွေးကောက်ပွဲအပိုင်း၂တွင် မွန်ညီညွတ်ရေးပါတီကို ပုံအောမဲထည့်ကာ စစ်တပ်နှင့် ကြံ့ဖွံ့အား ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။
မွန်ညီညွတ်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်သော ရေး၊သံဖြူဇရပ်၊မုဒုံနှင့် ပေါင်မြို့နယ်တို့တွင် မွန်ညီ ညွတ်ရေးပါတီအမတ်လောင်း ၁၀ဦးအနိုင်ရရှိခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ၏ အကြီးတန်းခေါင်း ဆောင်တစ်ဦးဖြစ်သူ မင်းအောင်ထူးက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဖော်ပြထားသည်။
“မမျှော်လင့်ထားတဲ့ အနိုင်ရလဒ်ပါပဲ။မွန်ပြည်နယ်သားတွေက ငြိမ်နေပေမဲ့ စစ်တပ်နဲ့ကြံ့ဖွံ့ကို ရွေး ကောက်ပွဲနည်းလမ်းကနေတစ်ဆင့် ဆန့်ကျင်ကြောင်း ပြသခဲ့တာ။သိရသလောက် မုဒုံမှာဆို မွန်ပါတီ က မဲအပြတ်အသတ်နဲ့ကို နိုင်တာ။မဲရုံမဲရလဒ်တွေက ကွာနေတော့ ကြံ့ဖွံ့က ကြိုတင်မဲနဲ့ ကလိမ်က ကျစ်ကျလို့လည်း မရတော့ဘူး”ဟု ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက MPAသို့ ပြောသည်။
ရေးမြို့နယ်တွင် ၃နေရာ၊ သံဖြူဇရပ်တွင် ၂နေရာ၊ မုဒုံတွင် ၂နေရာ၊ သံဖြူဇရပ်နှင့်မုဒုံ အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ်၃ တစ်နေရာနှင့် ပေါင်မြို့နယ်တွင် ၂နေရာ စုစုပေါင်း ၁၀နေရာအနိုင်ရခဲ့ ကြောင်း မင်းအောင်ထူးက ဖော်ပြထားသည်။
တရားမဝင်ရွေးကောက်ပွဲအပိုင်း၂ ပြုလုပ်သည့် ဘီးလင်းမြို့နယ်တွင်မူ မွန်ညီညွတ်ရေးပါတီ ဝင် ရောက်ယှဉ်ပြုခြင်းမရှိကြောင်းနှင့် ဘီးလင်း၌ ကြံ့ဖွံ့အနိုင်ရကြောင်း ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံက ဆိုသည်။
တရားမဝင်ရွေးကောက်ပွဲအပိုင်းတစ်တွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်တို့၌ မွန်ညီညွတ်ရေးပါတီ အမတ်လောင်းတို့ အနိုင်ရခဲ့သည်။
လက်ရှိ မင်းအောင်လှိုင်ခန့်မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲရုံမဲတွင် မွန်ပါတီအမတ်လောင်းကို ရှုံးနိမ့်ခဲ့ သော်လည်း ပွင့်လင်းမြင်သာမှုမရှိသော ကြိုတင်မဲ အသာဖြင့် အနိုင်ရခဲ့သည်။
တရားမဝင်ရွေးကောက်ပွဲအပိုင်း၂ကိုမွန်ပြည်နယ်၊ ဘီးလင်း၊မုဒုံ၊သံဖြူဇရပ်၊ရေးနှင့် ပေါင်မြို့နယ်တို့၌ ဇန်နဝါရီ၁၁ရက်က ပြုလုပ်ခဲ့သည်။
