စစ်အုပ်စု၏ ဒီဂျစ်တယ် အကြမ်းဖက်စစ်ဆင်ရေး JFM ဖော်ထုတ်

ဓာတ်ပုံ - လူမှုကွန်ရက်

တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများက တရားမဝင်စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေကြောင်း Justice For Myanmar က ဖော်ထုတ်လိုက်သည်။

တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်ပုံစံကို မြန်မာနိုင်ငံသို့ ရောင်းချ တပ်ဆင် အကောင်အထည်ဖော်ဆောင်ရာတွင် တရုတ်အစိုးရနှင့် ဆက်နွှယ်သည့် တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာစစ်အုပ်စုတို့အကြား အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး ယင်းစနစ်သည် အရပ်သားပြည်သူများကို ခြေရာခံ၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ လုပ်ဆောင်နိုင်ကြောင်း Justice For Myanmar ၏ “ထောက်လှမ်းရေးပိုးလမ်းမ – စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးတွင် တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာ့ဆက်သွယ်ရေး နည်းပညာလုပ်ငန်းများ၏ အခန်းကဏ္ဍ” အစီရင်ခံစာ၌ ဖော်ပြထားသည်။

“Geedge Networks က ရောင်းချ တပ်ဆင်ပေးထားပြီး၊ မြန်မာနိုင်ငံတွင်း အင်တာနက်ဝန်ဆောင်မှုပေးနေသူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာက မြန်မာနိုင်ငံအတွင်း စစ်အုပ်စုကို ဝေဖန်သူ၊ အမှန်တရားအတွက် ထွက်ဆိုသူမှန်သမျှအတွက် ဖြစ်ဖြစ်၊ လွတ်လပ်တဲ့သတင်းရင်းမြစ်တွေကို လက်လှမ်းမီကြည့်ရှုနိုင်ဖို့အတွက်ဖြစ်ဖြစ် ဆိုးရွားတဲ့ အန္တရာယ်တွေ ပေးနေတာပါ။ Geedge ကုမ္ပဏီက တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့ မြန်မာစစ်အုပ်စုအတွက် စွမ်းရည်မြှင့်တင်ရာမှာ ကူညီပေးနေပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကပြောသည်။

Geedge ကုမ္ပဏီ၏ ခေတ်မီ ဆန်းပြားသော စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးနည်းပညာကို ဆက်လက် လည်ပတ်အသုံးပြုနေမှုတွင် တရားမဝင်စစ်အုပ်စုကိုယ်စား အခရာကျသည့် အခန်းကဏ္ဍမှ ပါဝင်နေကြသည့် မြန်မာနိုင်ငံတွင်းရှိ ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ ၁၃ ခုကိုလည်း ဖော်ထုတ်ထားသည်။

ယင်းကုမ္ပဏီများမှာ ATOM (ယခင်နာမည် တယ်လီနောမြန်မာ)၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir ၊ StreamNet ၊ Golden TMH Telecom ၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana ၊ Global Technology Group နှင့် China Unicom တို့ ဖြစ်ကြသည်။

” Geedge ကုမ္ပဏီရဲ့ လျှို့ဝှက်ပေါက်ကြားလာတဲ့ အချက်အလက်စုမှာ လက်ရှိ ကြီးကြပ် လုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေအပါအဝင် အင်တာနက်ဝန်ဆောင်မှုပေးသူတွေ၊ အင်တာနက် ကြားခံပေးသူတွေ၊ ဖိုက်ဘာကြိုးလိုင်းလုပ်ကိုင်သူတွေက မြန်မာနိုင်ငံအတွင်း အင်တာနက်ကို စစ်အုပ်စုက လက်နက်သဖွယ်အသုံးပြုနေမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေကြောင်း အတည်ပြု ထားပါတယ်” ဟု မရတနာမောင်က ဆက်လက်ပြောသည်။

တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ်ပုံစံကို Geedge က ရောင်းချတပ်ဆင်ပေးမှုသည် စစ်အုပ်စုအတွက် မြန်မာနိုင်ငံတွင်း အင်တာနက်သုံးစွဲသူ ၃၃ဒဿမ၄ သန်း၏ အွန်လိုင်းအသုံးပြုမှုများကို အကန့်အသတ်မဲ့ ရရှိနိုင်စေကြောင်း ဥပမာ- Geedge ၏ စနစ်များသည် အင်တာနက်ကွန်ရက်သုံးစွဲမှုများကို လူတစ်ဦးချင်းအဆင့် ခြေရာခံနိုင်စေပြီး၊ သက်ဆိုင်ရာတာဝါတိုင်များ (Cell IDs) အလိုက် ချိတ်ဆက်အသုံးပြုမှုများကို အခြေခံ၍ မိုဘိုင်းဖုန်းသုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်နိုင်စေမည် ဖြစ်ကြောင်းသိရသည်။

တရားမဝင်မြန်မာစစ်အုပ်စုထံ ဟာ့ဝဲလ်နှင့် ဆော့ဝဲလ်များ ရောင်းချပေးအပ်ခြင်းဖြင့် Geedge Networks ကုမ္ပဏီသည် အရပ်သားပြည်သူများအပေါ် အကြီးအကျယ် သို့မဟုတ် စနစ်တကျ ဦးတည်တိုက်ခိုက်မှုများအတွင်း စစ်အုပ်စုအဖွဲ့ဝင်များ ကျူးလွန်သည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများ အပါအဝင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများတွင် အားပေး ကူညီရာ ရောက်နိုင်ကြောင်း JFMကဆိုသည်။

ထို့ကြောင့် Geedge Networks ကုမ္ပဏီနှင့် ၎င်း၏ ခေါင်းဆောင်မှုတာဝန်ရှိသူ များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊ နိုင်ငံတကာရာဇဝတ်မှုများတွင် အားပေးကူညီမှုအတွက် Geedge ၏ ကြီးကြပ် ကွပ်ကဲမှုနှင့် ခေါင်းဆောင်မှုတွင် ပါဝင်သူလူပုဂ္ဂိုလ်များအား နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ရန် Justice For Myanmar က တောင်းဆိုသည်။

ထို့ပြင် တရုတ်အစိုးရအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာနှင့် ဆက်စပ်လေ့ကျင့်သင်တန်းနှင့် အကူအညီများ လွှဲပြောင်းပေးအပ်မှုကို ချက်ချင်း ရပ်တန့်ရန်၊ စစ်အုပ်စုကျင်းပရန်စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲအတွက် အကူအညီများ အပါအဝင် စစ်အုပ်စုနှင့် လက်အောက်ခံအဖွဲ့အစည်းအားလုံးအတွက် နိုင်ငံရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာပံ့ပိုးမှုများအား ချက်ချင်းရပ်တန့်ရန် JFM ကတောင်းဆိုသည်။