အလင်းဝင်လာသည့် စစ်သား၁၃ဦးစလုံး တော်လှန်ရေးရဲဘော်များနှင့် တစ်သားတည်း တိုက်ပွဲဝင် နေကြကြောင်း ကျောင်းသားလက်ရုံးတပ်တော် – SAF ထံက သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း စစ်တပ်ဘက်က တပ်ကြပ်ကြီး တစ်ဦးနှင့် ဒုတပ်ကြပ်တစ် ဦးအပါအဝင် စုစုပေါင်း ၁၃ဦး အလင်းဝင်လာခဲ့ပြီး တော်လှန်ရေး တာဝန်အသီးသီး ထမ်းဆောင်နေကြကြောင်း ကျောင်းသားလက်ရုံးတပ်တော် – SAF က သတင်းထုတ်ပြန်သည်။
” တပ်ကြပ်ကြီးနဲ့ ဒုတပ်ကြပ်အပါအဝင် အကုန်လုံး လက်ရှိ တပ်မှာတာဝန်ထမ်းဆောင်နေပါတယ်။ အလင်းဝင်လာသူတွေအနေနဲ့ တပ်ထဲက အခြားရဲဘော်တွေနည်းတူပဲ တာဝန်ထမ်းဆောင်နေပါ တယ်” ဟု ကျောင်းသားလက်ရုံးတပ်တော် – SAF၊ အထွေထွေအတွင်းရေးမှူး -၂ ကိုနွေညိမ်းက MPA သို့ပြောသည်။
ယင်း ၁၃ဦးထဲတွင် စစ်မှုထမ်းတပ်သား ၈ဦးပါဝင်ကြောင်းသိရသည်။
” ၁၃ ဦးမှာ စစ်မှုထမ်းတပ်သားက ၈ ဦး ပါပါတယ်။ ပေါ်တာဆွဲခံရတာကတော့ အိမ်မှာဆွဲခံရတာရှိသလို အလုပ်လုပ်ရင်း၊ သွားရင်းလာရင်း ဆွဲခံရတာတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်း ၂လတာအတွင်း SAF၏ စစ်ဆင်ရေးနယ်မြေဖြစ်သည့် မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပိုင်းနှင့် ပုသိမ်-မုံရွာလမ်းပိုင်းတို့တွင် စစ်တပ်မှ ထွက်ပြေးလာသူနှင့် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသူ ၁၆ဦးရှိကြောင်းလည်း သိရသည်။
” တိုက်ပွဲတွင်းမှာတော့ စစ်သုံ့ပန်းတွေဖမ်းမိတာဖြစ်ပြီး အလင်းဝင်လာသူတွေကတော့ သူတို့နီးစပ် ရာအချိတ်အဆက်ကနေတစ်ဆင့် ဆက်သွယ်ပြီး ရောက်လာကြတာပါ” ဟု ၎င်းကပြောသည်။
ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ကျောင်းသားလက်ရုံးတပ်တော်-SAF၏ မူဝါဒများ၊ နိုင်ငံတကာစစ်ဥပဒေများ နှင့်အညီ ထိန်းသိမ်းထားကြောင်း သိရသည်။
