ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့ဝင် ၅၂ ဦးကို နယ်စပ်ဖြတ်ကျော်မှုနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ ပြစ်ဒဏ်ချမှတ်

ဓာတ်ပုံ - လူမှုကွန်ရက်

ရခိုင်- ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဇန်နဝါရီလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ကြသည့် အကြမ်းဖက် ရိုဟင်ဂျာ လက်နက်ကိုင်၊ ARA၊ ARSA၊ RIM တပ်ဖွဲ့ဝင် ၅၂ ဦးကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက နယ်စပ်ဖြတ်ကျော်မှုနှင့်တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

ဖမ်ဆီးခံရသူများကို လက်နက်ကိုင်အဖွဲ့အစည်းအနေဖြင့် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းမဟုတ်ဘဲ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု အက်ဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုပြောသည်။

“တရားမဝင်နယ်စပ် ဖြတ်ကျော်မှုနဲ့ တရားစွဲဆိုပြီး‌ မနေ့က ထောင်ချလိုက်တာ။ လက်နက်ကိုင်အဖွဲ့အနေနဲ့ တရားစွဲတာတော့မတွေ့ရဘူး”ဟု၎င်းက MPA သို့ပြောသည်။

နယ်စပ်ဖြတ်ကျော်မှုနှင့် ထောင်ဒဏ်ချမှတ်လိုက်သော်လည် မည်မျှချမှတ်လိုက်သည်ကိုအတိအကျမသိရ‌ သေးကြောင်း ၎င်းကဆိုသည်။

ARA၊ ARSA၊ RIM တပ်ဖွဲ့ဝင် ၅၂ ဦးကို သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်‌နေ့၌ပင် အိုခီးယာမြို့အခြေစိုက် အမှတ် (၆၄) BGB တပ်ရင်းမှ တပ်ကြပ်ကြီး Nayek Charwarul Mostafa က တရားလိုပြုလုပ်ပြီး “၁၉၄၇ ခုနှစ် တရားမဝင် ဝင်ရောက်မှု အက်ဥပဒေ” (1947 Control of Entry Act) ဖြင့် တက္ကနက်ဖ်ရဲစခန်းတွင်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းတို့ကို ဇန်နဝါရီလ ၁၃ ရက် မွန်းလွဲပိုင်းတွင် ကော့စ်ဘဇားခရိုင်ဒေသန္တရ တရားရုံးသို့ ရုံးထုတ်စစ်‌ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ ‌ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများအနက် တစ်ဦးမှာ ပြင်းထန်သော ဒဏ်ရာများကြောင့် စစ်တကောင်း ဆေးကောလိပ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသဖြင့် တရားရုံးသို့ တင်ပို့နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် နတ်မြစ်အတွင်း ငါးဖမ်းသွားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦးနှင့် ခိုးဝင်မှုတွင် တိုက်ရိုက်ပတ်သက်ခြင်းမရှိသည့် အပြစ်မဲ့ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသား ၄ ဦးတို့ကို ရဲတပ်ဖွဲ့က ပြန်လည်လွှတ်ပေးခဲ့‌ ကြောင်းသိရသည်။