ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို KNPP အဖွဲ့များက အုပ်စုဖွဲ့ ဓားပြတိုက်၊ အဓမ္မပြုကျင့်သတ်ဖြတ်ထားကြောင်း စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ဖြန့်ဝေထားကြ သည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၁၃ ရက် ည ၇ နာရီ ၇၇ မိနစ်တွင် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း၊ ဒီးဘောင်းခူမြို့၊ ဒေါရောက်ခူအုပ်စုအတွင်း အမျိုးသမီးတစ်ဦးကို KNPP အဖွဲ့များက အုပ်စုဖွဲ့ ဓားပြတိုက်ပြီး မုဒိမ်းကျင့်ကာ သတ်ဖြတ်ခဲ့ကြောင်း၊ သတ်ဖြတ်သွားသူများကို ဒေသခံများက သေဒဏ်ပေးဖို့ တောင်းဆိုသော်လည်း KNPP အဖွဲ့က ကာကွယ်ပေးထားကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
အဆိုပါအကြောင်းအရာကို “ News of Myanmar NOM, နောင်ရိုးဟစ်တိုင်” အပါအဝင် အခြား စစ်ကော် မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/euM0c
News of Myanmar NOM – https://archive.ph/urreX
နောင်ရိုးဟစ်တိုင် – https://archive.ph/BJ4jO
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ MPAသတင်းမီဒီ ယာက ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
MPA တွင် ဇန်နဝါရီ ၁၃ ရက်က ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၊ ဒီးဘောင်းခူမြို့၊ ဒေါရောက်ခူအုပ်စု အတွင်း အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း၊ သေဆုံးသူသည် အသက် ၄၅ နှစ်အရွယ်ရှိပြီး နွားကျောင်းထွက်ချိန် ပြန်မရောက်လာသည့်အတွက် လိုက်လံရှာဖွေ့ရာ တောအုပ်အတွင်း ပြတ်ရှဒဏ်ရာ များဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိရခြင်းဖြစ်ကြောင်း ရေးသားထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/Qpchy
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ဒီးမော့ဆို အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Kantarawaddy Times, Mekong News” တို့က သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ အနောက်ခြမ်း၊ ကျေးရွာတစ်ရွာတွင် နွားကျောင်း ထွက်သည့် အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရကြောင်း၊ ဒေသခံများအနေနှင့် စိုးရိမ်ထိတ်လန့်နေကြကြောင်း၊ သေဆုံးမှုနှင့် ပတ်သက်ပြီး ကျူးလွန်သူ လွတ်မြောက်နေဆဲဖြစ်သောကြောင့် အမှုမှန် ပေါ်ပေါက်ရေး အတွက် ဝိုင်းဝန်းရှာပေးကြရန် တိုးတက်သော ကရင်နီအင်အားစု PKPF က တိုက်တွန်းထားကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Kantarawaddy Times – https://bitly.cx/n4olr
Mekong News – https://bitly.cx/damd5
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ဒီးမော့ဆိုမြို့တွင် နွားကျောင်းထွက်သွားသော အမျိုးသမီးတစ်ဦး ထိုးသွင်း ဒဏ်ရာ များ လည်ပင်း လှီးဖြတ်ခံရသော ဒဏ်ရာများဖြင့် သတ်ဖြတ်ခံရကြောင်း ရေးထားသည်။
သေဆုံးသူသည် အဓမ္မပြုကျင့်ခံခဲ့ရကြောင်း သတင်းမီဒီယာများက ရေးသားထားခြင်းမရှိပေ။
လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ မည်သူကျူးလွန်ကြောင်း ဖော်ထုတ်နိုင်ခြင်းလည်း မရှိသေးပေ။
လူသတ်တရားခံ ဖမ်းမမိသေးသော အမှုတွင် KNPP အဖွဲ့က ကျူးလွန်ကြောင်း တဖက်သပ်အပုပ်ချတိုက် ခိုက်ထားခြင်းဖြစ်သည်။
စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက “ KNPP အဖွဲ့က အမျိုးသမီး တစ်ဦးကို ဓားပြတိုက် မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ပြီး ၊ သတ်ဖြတ်သူများကို KNPP က ကာကွယ်ပေးထား” ဟူ၍ ဖြန့်ဝေနေခြင်းသည် ဖြစ်စဉ်အမှန်ထက် ချဲ့ကား၍ KNPP အဖွဲ့ကို အပုပ်ချတိုက်ခိုက်ထားသော သတင်းအမှားဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းအချိန်ထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
