ကယားပြည်နယ်နေ့ စည်ကားရန်ဆိုပြီး စစ်ကော်မရှင်က ဒကစမှူးကိုပါ အပြေးပြိုင်ခိုင်း

ဓာတ်ပုံ-လူမှုကွန်ရက်

ကယားပြည်နယ်နေ့ (ကယားဒေး)အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စစ်ကော်မရှင်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှူး အဆင့်အထိပါ ပြိုင်ပွဲများတွင် မဖြစ်မနေ ထည့်သွင်းယှဉ်ပြိုင်ခိုင်းနေကြောင်း လွိုင်ကော်မြို့အခြေစိုက် စစ်ရေးသတင်းမြစ်များထံမှ စုံစမ်း သိရှိရသည်။

ဇန်နဝါရီလ ၁၅ ရက်တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့တွင် ပြုလုပ်သည့် ပြိုင်ပွဲများ၌ ဒကစမှူးပါမကျန် ဝင်ရောက်ယှဉ်ပြိုင်ရန် ညွှန်ကြားထားကြောင်း လွိုင်ကော်အခြေစိုက် ဒကစမှ စစ်ရေးသတင်းမြစ်တစ်ဦးက ပြောသည်။

“မနေ့ကဆိုရင် ဒကစမှူးကိုယ်တိုင် မာရသွန်ပြိုင်ပွဲဝင်ပြိုင်ရတယ်၊ သူ ဒုတိယဆုရခဲ့ပါတယ်။ ပထမဆုရတဲ့ ကိုသူဆိုသူကိုတောင် သူက ငွေကျပ် ၃ သောင်း ထပ်မံဆုချလိုက်သေးတယ်။ ၁၂ ရက်နေ့ကတော့ စက်ဘီးတာဝေးစီးပြိုင်ပွဲ လုပ်ခဲ့တယ်။ ပြိုင်ပွဲတွေမှာ ပြည်သူပါဝင်တာ အရမ်းနည်းပါတယ်။ ဒါက ကယားဒေးပွဲလား၊ စစ်သားတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအတွက် လုပ်ပေးတဲ့ပွဲလားဆိုတာတောင် မသဲကွဲတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယနေ့ ဇန်နဝါရီ ၁၄ ရက်၊ မွန်းလွဲ ၁၂ နာရီဝန်းကျင်တွင် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်မှ ရာထူးအဆင့်မြင့်သူ ၄ ဦး လွိုင်ကော်သို့ ရောက်ရှိလာခဲ့ပြီးနောက် စစ်ကော်မရှင်တပ်က လုံခြုံရေးများကို အထူးတင်းကျပ်စွာ ချထားကြောင်း သိရသည်။

“ဒီနေ့ မင်းအောင်လှိုင် ရောက်တယ်၊ နေ့လယ် ၁၂ နာရီလောက်မှာ ရောက်တာပါ။ မနက်က ဆင်းသက်လာတဲ့ ရဟတ်ယာဉ် (ပုဇင်း) နှစ်စင်းနဲ့ လာတာဖြစ်ပြီး အဆိုတော်တွေလည်း ပါလာတယ်။ သူတို့ တောင်ကွဲစေတီပေါ် တက်ကြတယ်။ မနက်ပိုင်းကတည်းက တောင်ကွဲလမ်းတစ်ခုလုံးကို လုံခြုံရေးအင်အား အများအပြားသုံးပြီး ပိတ်ထားတယ်။ ဒကစဝင်းရဲ့ မျက်နှာချင်းဆိုင်က မြို့နာမ်စေတီရှေ့မှာ တင့်ကား ၄၊ ၅ စီးလောက်တောင် ထုတ်ထားတာ တွေ့ရတယ်” ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

စစ်ကော်မရှင်တပ်နှင့် စစ်တပ်ထောက်ခံသူ အများစုသာ နေထိုင်သည့် လွိုင်ကော်မြို့တွင် ကယားပြည်နယ်နေ့ကို ဇန်နဝါရီ ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ အားကစားပြိုင်ပွဲ၊ ရိုးရာအကပြိုင်ပွဲ၊ ဌာနဆိုင်ရာပြခန်း၊ ဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်များကို နောင်ယားကန်နှင့် ပြည်နယ်ခန်းမတို့တွင် ကျင်းပလျက်ရှိကြောင်း လွိုင်ကော်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီည ပြည်နယ်ခန်းမမှာ အငြိမ့်ရှိမယ်ထင်တယ်။ မင်းအောင်လှိုင် ရောက်မရောက်တော့ သေချာမသိပေမယ့် ဒီနေ့မနက်ပိုင်းက လမ်းတွေမှာ လုံခြုံရေး တော်တော်များတယ်။ ပြိုင်ပွဲတွေကိုတော့ နွားလဝိုးဘက်မှာ လုပ်တာပါ။ စစ်ရှောင်တွေနဲ့ တပ်ထောက်ခံသူတွေပဲ အများဆုံး ဝင်ပြိုင်ကြတာ။ တချို့က မဖြစ်မနေမို့ ပါဝင်ကြရပေမယ့် တချို့ကျတော့လည်း နိုင်ရင် ဆုကြေးငွေရမှာမို့လို့ ဝင်ပြိုင်ကြတာပါ” ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင် လွိုင်ကော်မြို့သို့ မင်းအောင်လှိုင်ရောက်ရှိနေသည့်အတွက် တင့်ကားမျာဖြင့် မြို့ပတ်ပြီး စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။

လက်ရှိတွင် လွိုင်ကော်မြို့သို့ စစ်အုပ်စုခေါင်းဆောင် ရောက်ရှိနေသဖြင့် အရပ်ဝတ်များဖြင့် လုံခြုံရေးချထားရုံသာမက နေရာအနှံ့တွင် ကင်းပုန်းများပါ ချထားကြောင်း MPA သတင်းရရှိထားသည်။