ယုဇနပလာဇာဘေး မီးလောင်ကျွမ်းမှု တစ်နာရီကျော်ကြာ ငြှိမ်းသတ်ရ

ဓာတ်ပုံ-မီးသတ်ဦးစီး
ပုံစာ- မီးငြှိမ်းသတ်နေပုံ

ရန်ကုန်မြို့၊ ယုဇနပလာဇာအနီးရှိ ပိတ်အုပ်များသိုလှောင်ထားသည့်အခန်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အချိန်တစ်နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊နှင်းဆီလမ်းတွင် ယနေ့(ဇန်နဝါရီ၁၉ရက်)နံနက် ၁၀နာရီခွဲခန့်၌ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့က Level 1 ယာဉ်အုပ်စုဖြင့် မီးငြှိမ်းသတ် ခဲ့ရာ မီးလောင်အားများသဖြင့် Level 2 ယာဉ်အုပ်စုဖြင့် ထပ်မံငြှိမ်းသတ်ရကြောင်း ၁၁နာရီ၁၅မိနစ် တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁နာရီ၄၂မိနစ်၌ မီးငြိမ်းသွားကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သည်။

“ပလာဇာနဲ့နီးနီးလေး မီးအားကလည်း တော်တော်များတယ်။မီးသတ်တွေက နင်လားငါလား ငြှိမ်း ကြတယ်။ပလာဇာဘက် မီးကူးရင် သေပြီလေ။အကုန်ဝရုန်းသုန်းကားတွေပဲ။ပြေးနေကြတာ”ဟု ယင်း ဈေးအနီးရှိ ဆေးဆိုင်ဝန်ထမ်း အမျိုးသမီးတစ်ဦးက MPAသို့‌ပြောသည်။

မီးလောင်ကျွမ်းသည့်တိုက်ခန်းသည် အထည် ပိတ်စလိပ်များ သိုလှောင်ထားသည့်အခန်းဖြစ်၍ မီးအား များရခြင်းဖြစ်ကြောင်း သိရသည်။

“ပလာဇာ(ယူဇနပလာဇာ)မှာ ဖွင့်ထားတဲ့ အထည်ဆိုင်တစ်ဆိုင်က အထည်တွေ လှောင်ထားတဲ့အ ခန်းလို့ ပြောကြတယ်။ကျနော်တို့ရောက်သွားတဲ့အချိန် မီးအားကောင်းနေတုန်းပဲ။ရန်ကုန်မှာ ဒီနှစ် မီးလောင်တဲ့အထဲ အခုဖြစ်တာ မီးလောင်အား များတယ်ထင်တယ်”ဟု မင်္ဂလာတောင်ညွန့်၊၁၁၁လမ်း အနီးနေ အမျိုးသားတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့က မထုတ်ပြန်သေး ပေ။