လာဘ်စား၍ ရဲတပ်ဖွဲ့က ထုတ်ပယ်ခဲ့ပြီး ရိုက်မှုဖြင့် ထောင်ကျခဲ့ဖူးသူ အမျိုးသားအကျိုးစီးပွားတိုး တက်ရေးပါတီဥက္ကဌလည်း အချိုးကျကိုယ်စားပြုခွင့် PR စနစ်အရ လွှတ်တော်အမတ်ဖြစ်ပြီဟု သိရ သည်။
မွန်ပြည်နယ်အခြေစိုက် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီဥက္ကဌ သန့်ဇော်သည် PRစနစ်အ ရ မွန်ပြည်နယ်လွှတ်တော်၊ကျိုက်မရောမြို့နယ်ကိုယ်စားလှယ်အမှတ်၂ အမတ်အဖြစ် ရွေးချယ်ခံရ ကြောင်း ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရသိရသည်။
“မော်တော်ပီကယ်ရဲ တစ်ပွင့်ကနေ ၂၀၂၀မတိုင်ခင်က လာဘ်စားကြမ်းလို့ ပြုတ်တယ်။ အမှုပွဲစား လုပ်တယ်။ပြီးတော့ ရိုက်မှုနဲ့ ထောင်ကျပြီးတော့ ထောင်ကနေပြန်ထွက်လာတော့ မော်လမြိုင်မဘသ လုပ်တယ်။အဲဒီနောက် ပါတီထောင်တယ်။နေပြည်တော်ပွဲဖိတ်ရင် နာမည်ရှိတဲ့သူတွေနဲ့ ဓာတ်ပုံတွဲ ရိုက်ပြီးတော့ မော်လမြိုင်မှာ ဌာနဆိုင်ရာတွေကို ဖြဲတယ်။သန့်ဇော်ရဲ့ ထင်ရှားတဲ့အမှတ်လက္ခဏာ နောက်တစ်ခုကတော့ မိန်းမရှုပ်တာပဲ”ဟု ပါတီများနှင့်နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက MPA သို့ ပြောသည်။
မော်လမြိုင်မြို့၊မြိုင်သာယာ ဖက်ခင်းလမ်းနေ သန့်ဇော်သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာ၂ရက် နေ့ခင်းပိုင်း က ၎င်း၏အိမ်၌ ဇနီးနှင့် စကားများရာမှ သေနတ်ပစ်ဖောက်ခဲ့သေးပြီး အရေးယူခြင်းမခံရကြောင်း သိရသည်။
“သူတို့လင်မယားရန်ဖြစ်တာကတော့ နေ့တိုင်းနီးပါးပဲ။အဲဒီနေ့က သေနတ်ပါဖောက်တယ်။သူ့အိမ်နား ကလူတိုင်းသိတယ်။ပါတီဥက္ကဌတွေကို သေနတ်ကိုင်ခွင့်ပေးထားသလားပေါ့။မြို့ပေါ်မှာ ဝေဖန်ကြ တယ်။ဖမ်းမယ့်လူမရှိခဲ့ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
မော်လမြိုင်မြို့ပေါ်တွင် နာမည်ပျက်များစွာရှိသော သန့်ဇော်အကြောင်းကို မော်လမြိုင်သားတိုင်း သိ ကြကြောင်း မော်လမြိုင်၊မုပွန်ရပ်နေ ပြည်သူတစ်ဦးက ပြောသည်။
“လာဘ်စားတဲ့နေရာမှာလည်း ဆရာ၊ မိန်းမကိစ္စလည်း ဆရာ၊ ဖားတတ်ယားတတ်တဲ့နေရာမှာလည်း တော်တော်ဆရာကျတယ်ဆိုတော့ မွန်ပြည်နယ်အစိုးရအဖွဲ့ထဲ ဝန်ကြီးတောင် ဖြစ်နိုင်သေးတယ်”ဟု ၎င်းက ပြောသည်။
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီသည် မွန်ပြည်နယ်အတွင်း မဲအများဆုံးရသူအနိုင်ယူစနစ် တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တစ်နေရာမျှ အနိုင်မရခဲ့ပေ။
