စစ်တပ် ရွေးကောက်ပွဲရလဒ်ကို အာဆီယံ အသိအမှတ်ပြုမည်မဟုတ်ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဆို

ဓာတ်ပုံ - လူမှုကွန်ရက်

စစ်တပ်ပြုလုပ်နေသည့် ရွေးကောက်ပွဲရလဒ်ကို အာဆီယံအနေနှင့် အသိအမှတ်ပြုမည်မဟုတ် ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။

ယနေ့(ဇန်နဝါရီ၂၀ရက်)တွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က မလေးရှားလွှတ် တော်၌ လွှတ်တော်အမတ်တစ်ဦး၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

“အာဆီယံအနေနဲ့ လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ ကျနော်တို့ ပြောပြီးသားပါ။ အဲဒါကြောင့် ဒီရွေးကောက်ပွဲကိုလည်း ကျွန်တော်တို့ အသိအမှတ်ပြုမှာ မဟုတ်ပါဘူး” ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ၂၀၂၅ ခုနှစ်အတွင်း ကွာလာလမ်ပူတွင် ကျင်းပခဲ့သည့် အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအတွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ စေလွှတ်ပေးရန် မြန်မာဘက်က တောင်းဆိုမှုကို အာဆီယံက ပယ်ချခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအချို့က ၎င်းတို့သဘောဆန္ဒအလျောက် စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီလအစောပိုင်းက ပြုလုပ်သည့် ဒုတိယအဆင့် မဲပေးပွဲတွင် မဲလာရောက်ပေးသူ နည်းပါးခဲ့ပြီး၊ ပထမအဆင့်ရွေးကောက်ပွဲ၌ စစ်တပ်၏ မဟာမိတ် ကြံ့ဖွံ့ပါတီက ၈၈ရာခိုင်နှုန်း အနိုင်ရခဲ့သည်။

လာမည့်ဇန်နဝါရီ၂၅ရက်တွင် တရားမဝင်ရွေးကောက်ပွဲအပိုင်း၃ အဖြစ် မြို့နယ်၆၃ခု၌ ပြုလုပ်မည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။