ဇန်နဝါရီလ ၂ပတ်တာအတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်းဖမ်းဆီးရမိမှု စုစုပေါင်း ၁၃၅ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်၏ ယနေ့(ဇန်နဝါရီ၂၀ရက်)ထုတ်ပြန်ချက်အရ သိရသည်။
ဇန်နဝါရီဒုတိယပတ်အတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်း အယောက်၈၀ ရှိပြီး ဇန်နဝါရီပထမပတ်တွင် ၅၅ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
“လူငယ်တွေကို နေရာပေးဖို့လိုတယ်၊ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အဓိက စွမ်းအားဖြစ်တယ် ဆိုပြီး ပြောနေတဲ့ စစ်ခေါင်းဆောင်ဟာ လက်တွေ့မှာတော့ တွေ့သမျှ၊ မြင်သမျှ လူငယ်လူရွယ်တွေကို အတင်းအဓမ္မ စစ်ထဲထည့်ပြီး ရှေ့တန်းပို့ အသေခံခိုင်းနေပါတယ်”ဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။
အလင်းဝင်စစ်သားအရေအတွက်မှာ ဇန်နဝါရီဒုတိယပတ်တွင် အယောက်၃၀နှင့် ပထမပတ်အတွင်း ၁၃ဦး စုစုပေါင်း ၄၃ဦးရှိပြီး ယင်းအနက် ၃၄ဦးမှာ စစ်မှုထမ်းတပ်သားများဖြစ်သည်။
“အလင်းဝင်နဲ့ သုံ့ပန်းမိတဲ့အရေအတွက်ကို ကြည့်ပြီး သုံးသပ်ရရင် တိုက်ပွဲတွေများတဲ့အချိန်မှာ ပိုများ တာတွေ့ရတယ်။စစ်တပ်ရဲ့ တပ်ရင်းတွေ၊အထိုင်ချစခန်းတွေကို လုံခြုံရေးသေချာတင်းကျပ်ထားလို့ စစ်ကြောင်းထွက်တဲ့အချိန်တွေမှာပဲ များသောအားဖြင့် ထွက်ပြေးနိုင်တယ်လို့ ယူဆတယ်။သုံ့ပန်းကျ တော့လည်း ဘယ်စစ်သားကမှ အသေခံပြီး မတိုက်တဲ့အခါကျတော့ အခြေအနေမကောင်းရင် လက် မြှောက်လိုက်ကြတာကိုး”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားသည့် မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် စစ်သုံ့ပန်း စုစုပေါင်း ၂၇၁၃ ဦးရှိကြောင်း သိ ရသည်။
