ကလေးငယ်ကို ဘောင်းဘီချွတ်ကာ ပြက်လုံးထုတ်သည့် အောင်ဇမ္ဗူနှင့် ဇာတ်အဖွဲ့ အရေးယူခံရတော့မည်

ဓာတ်ပုံ - လူမှုကွန်ရက်

လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် နာမည်ကြီးလာသည့် ဇာတ်မင်းသား အောင်ဇမ္ဗူ၏ ဇာတ်အဖွဲ့မှ လူရွှင်တော်များသည် အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦးကို စင်ပေါ်တင်ကာ ဘောင်းဘီချွတ်၍ ပြက်လုံးထုတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဗီဒီယိုသည် အွန်လိုင်းပေါ်တွင် ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့ပြီးနောက် ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်၍ အများပြည်သူအကြား ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စစ်ကော်မရှင် လက်အောက်ခံ မြန်မာနိုင်ငံ သဘင်အစည်းအရုံးက လိုအပ်သည်များ ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါဇာတ်အဖွဲ့အား စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

“ပျော်စေချင်လို့ လုပ်တဲ့ပုံဖြစ်ပေမယ့် အခုခေတ်က အရင်လိုမဟုတ်ဘူးလေ။ လူ့အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးတွေကို ကောင်းကောင်းကြီး နားလည်လာကြတဲ့ ခေတ်ဖြစ်နေပြီ။ ပညာမတတ်ကြတော့ နားမလည်ကြတော့ ဒီလိုတွေ လုပ်ကြ၊ ပြဿနာတက်ကြတာပေါ့” ဟု ရန်ကုန်မြို့နေ အမျိုးသားတစ်ဦးက ၎င်း၏အမြင်ကို ပြောကြားသည်။

အဆိုပါ မြန်မာနိုင်ငံ သဘင်အစည်းအရုံး၏ ထုတ်ပြန်ချက်တွင် လက်ရှိ၌ ဖြစ်စဉ်ကို စိစစ်လျက်ရှိပြီး နောက်ဆက်တွဲ အခြေအနေများအား ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

“အနုပညာဆိုတာ ပြည်သူကို ဖျော်ဖြေမှုပေးရုံတင်မကဘဲ လူ့ကျင့်ဝတ်နဲ့ လူမှုအဖွဲ့အစည်းရဲ့ တန်ဖိုးတွေကို လေးစားလိုက်နာဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် အကာအကွယ်မဲ့တဲ့ ကလေးသူငယ်တွေကို အသုံးချပြီး ရယ်ရွှင်မှု ရှာဖွေတာဟာ ဘယ်လိုမှ လက်မခံနိုင်တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်” ဟု အနုပညာလောကကို စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။

အောင်ဇမ္ဗူ ဇာတ်အဖွဲ့သည် ကျေးလက်ပြည်သူများအကြားတွင် တစ်ရှိန်ထိုး နာမည်ကြီးလာသည့် အဖွဲ့ဖြစ်ပြီး လူကြိုက်များမှုကြောင့် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးရန်အတွက်ပင် ကမ်းလှမ်းမှုများ ရရှိထားသည့် အဖွဲ့လည်း ဖြစ်သည်။

သို့သော်လည်း ယခုကဲ့သို့ လူမှုကျင့်ဝတ်နှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ထိခိုက်မှုများ ရှိလာသည့်အတွက် ၎င်းတို့၏ အနုပညာခရီးလမ်းအပေါ် ဝေဖန်မှုများစွာ ရင်ဆိုင်နေရသည်။

“လူပြက်ဆိုတာ လူကိုပြက်ရတာပါ။ ကလေးသူငယ်တွေရဲ့ ဂုဏ်သိက္ခာကို အသုံးချပြီး ပြက်လုံးထုတ်တာမျိုးကတော့ အဆင့်အတန်းရှိတဲ့ ဖျော်ဖြေမှုလို့ မခေါ်နိုင်ပါဘူး။ ဒါဟာ ခေတ်စနစ်နဲ့အညီ ပြောင်းလဲရမယ့် အလေ့အကျင့်ဆိုးတစ်ခုပါ” ဟု ဝါရင့်သဘင်ပညာရှင်တစ်ဦးက မှတ်ချက်ပြုသည်။

လက်ရှိတွင် သဘင်အစည်းအရုံး၏ စုံစမ်းစစ်ဆေးမှု ရလဒ်အပေါ် ပြည်သူများက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး ကလေးသူငယ်များအပေါ် အလွဲသုံးစားပြုသည့် ဖျော်ဖြေမှုမျိုး ပပျောက်ရန် လိုလားနေကြကြောင်း သိရှိရသည်။