တောင်သာမြို့ပေါ် ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်သား ၂၀၀ ထက်မနည်း ရောက်၊ တိုက်ပွဲဖြစ်မည်ကို မြို့ခံတို့ စိုးရိမ်နေ

ဓာတ်ပုံ - မြင်းခြံခရိုင်အမှတ် ၃တပ်ရင်း၊ ဝီကီပီဒီးယား
ပုံစာ - တောင်သာမြို့၊ ဝန်ထမ်းအိမ်ရာကို မီးရှို့နေစဉ်နှင့် တောင်သာမြို့နာရီစင်

မန္တလေးတိုင်း၊တောင်သာမြို့ပေါ်တွင် တရားမဝင်ရွေးကောက်ပွဲပြုလုပ်ရန်အတွက် စစ်သားအင်အား ၂၀၀ထက်မနည်း ရောက်ရှိနေကြောင်း သိရသည်။

ဇန်နဝါရီ၂၅ရက်တွင် တောင်သာမြို့ပေါ်၌ တရားမဝင်ရွေးကောက်ပွဲအပိုင်း၃ ပြုလုပ်မည်ဖြစ်ပြီး တောင်သာမြို့ပေါ် လုံခြုံရေးခေါင်းဆောင် ဗိုလ်မှူးကိုလည်း လူချိန်းထားကာ ရွေးကောက်ပွဲလုံခြုံ ရေးအတွက် စစ်သားအင်အားတိုးမြှင့်ထားကြောင်း ဒေသခံအချို့ထံက သိရသည်။

“ဗိုလ်မှူးကိုလည်း အခုရက်ပိုင်းကပဲ ချိန်းထားတယ်။ စစ်သားတွေရောက်နေတာ ၂၀၀ အနည်းဆုံး ပဲ။ မြို့ပေါ်မှာ တိုက်ပွဲဖြစ်မှာ ပြည်သူတွေ စိုးရိမ်နေကြတယ်”ဟု တောင်သာမြို့ခံတစ်ဦးက MPAသို့ ပြော သည်။

ဇန်နဝါရီ၂၀ရက်က မြင်းခြံ-ပုဂံညောင်ဦးလမ်းပေါ်ရှိ တောင်သာမြို့နယ်၊တမိုက်သာရွာအနီးတွင် စစ် ကြောင်းထိုးလာသည့်တပ်ကို PDFတို့ ဖြတ်တိုက်ခဲ့သေးကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံ က သိရသည်။

“တောင်သာမှာ ဘယ်ရွာမှာမှ ရွေးကောက်ပွဲမလုပ်နိုင်ဘူး။သူတို့လုံခြုံရေးပေးနိုင်တဲ့ အင်အားမရှိလို့ မ လုပ်နိုင်တာ။အခု စခ တွေ စစ်ကြောင်းထိုးနေတာတွေက မြို့ပေါ်ကို ရွေးကောက်ပွဲလုပ်တဲ့အချိန် အ တိုက်ခံရမှာစိုးလို့ လိုက်ကာနေတဲ့သဘောပဲ”ဟု ၎င်းက ပြောသည်။

တောင်သာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်၆ခုနှင့် ကျေးရွာအုပ်စု ၇၇ခု ရှိသည့်အနက် ရပ်ကွက်၆ခုတွင် သာ ရွေးကောက်ပွဲပြုလုပ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

“အခုလက်ရှိ မြို့ပေါ်မှာက ငွေကြေးတတ်နိုင်တဲ့ ၁၀ရာခိုင်နှုန်းလောက်တော့ တခြားမြို့တွေကို ရွှေ့ သွားတယ်။ကျန်တဲ့သူတွေကတော့ မရွှေ့နိုင်မပြောင်းနိုင်တော့ ကိုယ့်မြို့မှာပဲ ပေကပ်နေနေရတာပဲ” ဟု တောင်သာမြို့ခံက ပြောသည်။

၂၀၁၄ခုနှစ်သန်းခေါင်စာရင်းတွင် တောင်သာမြို့ပေါ်၌ ပြည်သူ ၁၇၅၂၈ဦးရှိပြီး ကျေးရွာအုပ်စု ၇၇ခု တွင် ၁၉၉၁၁၄ဦး နေထိုင်ကြောင်း ဖော်ပြထားသည်။

တောင်သာမြို့ပေါ်သို့ အင်အားဖြည့်တင်းရန် ကျောက်ပန်းတောင်းဘက်မှထွက်လာသော အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းကို ဇန်နဝါရီ၁၈ရက်တွင် တောင်သာမြို့နယ်၊ပဒပ်စာကုန်းရွာအနီး၌ PDF တို့က ဖြတ်တိုက်ခဲ့ရာ ဒဏ်ရာရစစ်သားများကြောင်း မြင်းခြံခရိုင်အမှတ်၃တပ်ရင်းကထုတ်ပြန် ထားသည်။

တောင်သာမြို့ပေါ်တွင် ယခင်က စစ်အုပ်စုဝင် ၅၀ဝန်းကျင်သာရှိကြောင်း ဒေသတွင်းစစ်ရေးသတင်း ရင်းမြစ်ထံက သိရသည်။

ဇန်နဝါရီ၆ရက်ကလည်း တောင်သာမြို့ပေါ်ရှိ စစ်တပ်အထိုင်ချလေ့ရှိသည့် ဝန်ထမ်းအိမ်ရာကို PDF တို့ ဝင်ရောက်မီးရှို့စဉ် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဝင် ၂ဦး သေဆုံးခဲ့သေးသည်။