အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် စီးနင်းလိုက်ပါလာသည့် Air Force One လေယာဉ်သည် ဒေသစံတော်ချိန် ဇန်န-ဝါရီ ၂၀ ရက် နေ့ညနေပိုင်းက ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ခွာသွားပြီးနောက် တစ်နာရီခန့်အကြာတွင် အန်ဒရူးစ်လေတပ်စခန်း (Joint Base Andrews) သို့ ပြန်လှည့်လာခဲ့သည်။
လေယာဉ်ပေါ်ရှိ အမှုထမ်းများက “အသေးစား အီလက်ထရွန်နစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု” တစ်ခုကို တွေ့ရှိခဲ့သဖြင့်၊ ဝါရှင်တန်သို့ ပြန်လှည့်ရန် ပျံသန်းနေစဉ်အတွင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအရာရှိ ကာရိုလိုင်း လီဗစ်ကပြောကြားသည်။
လေယာဉ်ပေါ်ပါလာသည့် သတင်းထောက်တစ်ဦး၏ ပြောပြချက်အရ လေယာဉ်စတင်ပျံသန်းပြီးနောက် သတင်းထောက်များထိုင်သည့် အခန်းအတွင်းရှိ မီးများ ခဏတာ မှိတ်သွားခဲ့သော်လည်း ယင်းနှင့်ပတ်သက်၍ ချက်ချင်း ရှင်းလင်းပြောကြားခြင်း မရှိခဲ့ပေ။
ပျံသန်းချိန် နာရီဝက်ခန့်အကြာတွင်မှ လေယာဉ်ပြန်လှည့်မည်ဖြစ်ကြောင်း သတင်းထောက်များကို အသိပေးခဲ့သည်။
ထရန့်သည် သမ္မတ၏ ပြည်တွင်းခရီးစဉ်များနှင့် လေယာဉ်ကွင်းအသေးစားများတွင် အသုံးပြုလေ့ရှိသည့် ဘိုးအင်း ၇၅၇ ကို အခြေခံထားသော Air Force C-32 လေယာဉ်ပေါ်သို့ ပြောင်းလဲစီးနင်းခဲ့ပြီး၊ သန်းခေါင်ယံအချိန် မကြာမီမှာပင် ဒါးဗို့စ် ရှိ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်။
လက်ရှိ Air Force One အဖြစ် အသုံးပြုနေသည့် လေယာဉ်နှစ်စင်းမှာ ပျံသန်းမှုသက်တမ်း ဆယ်စုနှစ် လေးခုနီးပါး ရှိနေပြီဖြစ်သည်။
ယင်းလေယာဉ်များကို ရောင်ခြည်သင့်မှုဒဏ်ခံနိုင်ခြင်းနှင့် ဒုံးကျည်ကာကွယ်ရေးနည်းပညာများအပါအဝင် မမျှော်လင့်ထားသည့် အခြေအနေအမျိုးမျိုးတွင် သမ္မတဘေးကင်းလုံခြုံစေရန် အဆင့်မြင့်မွမ်းမံထားခြင်းဖြစ်သည်။
ထို့ပြင် သမ္မတအနေဖြင့် ကမ္ဘာ့မည်သည့်နေရာကမဆို စစ်ဘက်နှင့် ဆက်သွယ်နိုင်ရန်နှင့် အမိန့်ပေးစေခိုင်းနိုင်ရန် ဆက်သွယ်ရေးစနစ် အမျိုးမျိုးကိုလည်း ထည့်သွင်းထားသည်။
ပြီးခဲ့သည့်နှစ်က ကာတာတော်ဝင်မိသားစုက ထရမ့်ထံသို့ ဇိမ်ခံ ဘိုးအင်း ၇၄၇-၈ ဂျမ်ဘိုဂျက်လေယာဉ်တစ်စင်းကို Air Force One အုပ်စုတွင် ထည့်သွင်းရန် လက်ဆောင်ပေးခဲ့ခြင်းမှာ ဝေဖန်စစ်ဆေးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ အဆိုပါလေယာဉ်ကို လက်ရှိတွင် လုံခြုံရေးလိုအပ်ချက်များနှင့်ကိုက်ညီရန် ပြန်လည်ပြင်ဆင်မွမ်းမံနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို လိုက်ပါလာသည့် လေတပ်လေယာဉ်မှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဝါရှင်တန်သို့ ပြန်လှည့်ခဲ့ရသလို၊ အောက်တိုဘာလတွင်လည်း ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဂ်ဆက် လိုက်ပါလာသည့် စစ်ဘက်လေယာဉ်မှာ လေယာဉ်ရှေ့မှန် အက်ကွဲမှုကြောင့် ယူကေတွင် အရေးပေါ် ဆင်းသက်ခဲ့ရဖူးသည်။
