ထောင်စရိတ် လျှော့ချထားသဖြင့် ကျွေးသည့်ဆန် ပိုကြမ်းလာပြီး ပဲဟင်းလည်း အရည်ကျဲသွား

ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်က ထောင်အသုံးစရိတ် လျှော့ချထားသဖြင့် အကျဉ်းသားများကို ကျွေးသည့်ဆန် ပိုကြမ်းလာပြီး ပဲဟင်းလည်း အရည်ကျဲသွားကြောင်း သိရသည်။

၂၀၂၅ခုနှစ်ကတည်းက အကျဉ်းထောင်စရိတ်များကို လျှော့လိုက်သဖြင့် အကျဉ်းသားများအား ကျွေးသည့် အသားတုံးလည်း သေးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသား များကွန်ရက် PPNM ထံက သိရသည်။

” ဆန်တွေဆိုလိုရှိရင် ပိုကြမ်းသွားတာမျိုး၊ ပဲဟင်းတွေဆိုလို့ရှိရင် ပိုကျဲသွားတာမျိုးပေါ့နော်။ အသားဟင်းတောင်မှ လက်တစ်ဆစ်လောက်ပဲရှိတော့တဲ့ အတုံးလေးတွေလောက်ပဲ ရှိကြတော့ တယ်ပေါ့နော်။ အဲ့ဒါက စစ်ကော်မရှင်ဘက်ကနေ စရိတ်လျှော့ချပြီးတဲ့နောက်မှာ ကျနော်တို့ ဒီနိုင်ငံ ရေးအကျဉ်းသားအဖွဲ့အစည်းတွေလည်း သတင်းတွေတင်ကြတယ်ပေါ့နော်။ ကြက်ဥမကျွေးတော့ တာမျိုးတို့။ တချို့ထောင်တွေဆိုရင် ကြက်ဥတွေချည်း ကျွေးတော့တာမျိုး” ဟု PPNM ဦးဆောင် ကော်မတီဝင် မရောင်နီလင်းက MPA သို့ပြောသည်။

အသားဟင်းတုံးသေးသည့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများက တင်ပြလျှင် ရိုက်နှက် တိုက်ပိတ်ခြင်းများရှိခဲ့ကြောင်း သိရသည်။

ကလေးထောင်တွင်လည်း စားနပ်ရိက္ခာ လောက်ငှ‌အောင် မပေးတော့သည့်အပြင် ထောင်အာ ဏာပိုင်တချို့ကလည်း ဖြတ်စားနေသဖြင့် နိုင်ငံရေးအကျဥ်းသားများမှာ ကိုယ့်စားရိတ်ဖြင့်ကိုယ် မှာယူစားသောက်နေရကြောင်းသိရသည်။

” ထမင်းကိုတော့ မိသားစုဝင်တွေက ပို့ပေးတာမျိုးမရှိပါဘူး။ ပို့ပေးလို့လည်းမရဘူးပေါ့နော်။ ထမင်းကိုတော့ မှာယူစားသုံးလို့မရဘူး။ ဒါပေမဲ့ ဟင်းတွေပေါ့။ မိသားစုကနေမှ ဒါမှမဟုတ် သူငယ်ချင်းတွေ အသိတွေကနေမှ တစ်ဆင့် ဈေးဘားပို့ကြတယ်။ ဈေးဘားပို့တဲ့အထဲကိုမှ အကြော်လှော်လေးတွေ အစိုပေါ့နော်။ ဟင်းအစိုဆိုလို့ရှိရင် နေ့ချင်းစားလို့ရတဲ့ဟာလေးတွေ ပေါ့နော်” ဟု ၎င်းကဆက်လက်ပြောသည်။

ကလေးထောင် လက်ထောက်ကြီးကြပ်ရေးမှူး ကျော်ထက်ဦးသည် အကျဉ်းသားများထံမှ ငွေညှစ် ခြင်းနှင့် ထောင်ဝင်စာပါဆယ်များကို ဖြတ်စားခြင်းတို့ ပြုလုပ်နေကြောင်းလည်း သိရသည်။