အမေရိကန်ပြည်သူတို့၏ အကျိုးကို သယ်ပိုးဆောင်ရွက်ပါမည်ဟု လွန်ခဲ့သော တစ်နှစ်ခန့်က ကျမ်းသစ္စာဆိုခဲ့သည့် ဒေါ်နယ်ထရန့်သည် ယင်းသို့ဆောင်ရွက်မည့်အစား သမ္မတရာထူးကို အသုံးပြု၍ ၎င်း၏ ကိုယ်ကျိုးစီးပွား ကြွယ်ဝလာစေရန်သာ အာရုံစိုက် လုပ်ဆောင်ခဲ့သည်။
သမ္မတ ထရန့်သည် မိမိ၏နိုင်ငံအတွက် ဘာလုပ်ပေးနိုင်မလဲဟု မေးလေ့ရှိသူတစ်ဦး မဟုတ်ခဲ့ဖူးပေ။
ပထမသက်တမ်းမှာကဲ့သို့ပင် ဒုတိယသက်တမ်း၌လည်း သူသည် နိုင်ငံက သူ့အတွက် မည်မျှအထိ လုပ်ပေးနိုင်သလဲဆိုသည့် အကန့်အသတ်ကို စမ်းသပ်နေခြင်းသာ ဖြစ်သည်။
သူသည် သမ္မတရာထူးကို အလွဲသုံးစားလုပ်ခြင်း၊ လူပုဂ္ဂိုလ်များ၊ ကော်ပိုရေးရှင်းများနှင့် အခြားနိုင်ငံများက အစိုးရ၏ အာဏာကို ၎င်းတို့၏ အကျိုးစီးပွားအတွက် အသုံးချနိုင်ရန် မျှော်လင့်ချက်ဖြင့် ထရန့်၏ အိတ်ကပ်ထဲသို့ ငွေကြေး မည်မျှအထိ ထည့်ဝင်လိုကြသနည်း ဆိုသည်ကို ရှာဖွေဖော်ထုတ်ခြင်းတို့၌ မိမိ၏ အင်အားနှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့ကို ပုံအော အသုံးပြုခဲ့သည်။
သတင်းမီဒီယာများ၏ ခွဲခြမ်းစိတ်ဖြာချက်များကို ကိုးကား၍ The New York Times အယ်ဒီတာအဖွဲ့၏ ပြန်လည်သုံးသပ်ချက်အရ ထရန့်သည် သမ္မတရာထူးကို အသုံးပြု၍ ဒေါ်လာ ၁.၄ ဘီလီယံကျော်ကို ရရှိခဲ့ကြောင်း သိရသည်။ သူ၏ အမြတ်အစွန်းအချို့မှာ လူအများ မသိအောင် ဖုံးကွယ်ထားဆဲ ဖြစ်သောကြောင့် ယင်ပမာဏမှာ အမှန်တကယ်ထက် လျော့နည်းနေနိုင်သလို ယင်းပမာဏမှာလည်း ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။
ထရန့်သည် ပြန်လည်ရွေးကောက်ခံရပြီးကတည်းက ၎င်း၏ အမည်ကို ပြည်ပနိုင်ငံများတွင် လုပ်ငန်းလိုင်စင်အဖြစ် အသုံးပြုခွင့်ပေးခြင်းဖြင့် အနည်းဆုံး ဒေါ်လာ ၂၃ သန်း ရရှိခဲ့သည်။
အိုမန်ရှိ ဟိုတယ်တစ်ခု၊ အိန္ဒိယအနောက်ပိုင်းရှိ ရုံးခန်းအဆောက်အအုံတစ်ခု၊ ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့ ဆင်ခြေဖုံးရှိ ဂေါက်ကွင်းတစ်ခုတို့မှာ ထရန့်အဖွဲ့အစည်း (Trump Organization) က အကောင်အထည်ဖော်နေသည့် ပြည်ပစီမံကိန်း ၂၀ ကျော်အနက် အချို့သာ ဖြစ်ပြီး ယင်းစီမံကိန်းများမှာ နိုင်ငံခြားအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်လေ့ရှိသည်။
Reuters ၏ အဆိုအရ အဆိုပါစီးပွားရေးသဘောတူညီချက်များကြောင့် ထရန့်မိသားစုသည် ဒေါ်လာသန်းပေါင်းများစွာ ရရှိခဲ့သည်။
တစ်ခါတစ်ရံတွင် အစိုးရအဖွဲ့သည် အဆိုပါနိုင်ငံခြားအစိုးရများအပေါ် မျက်နှာသာပေး ဆက်ဆံခဲ့သည်ကိုလည်း တွေ့ရသည်။ ဥပမာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ပြင်ရှိ ဒေါ်လာ ၁.၅ ဘီလီယံတန် ဂေါက်ကွင်းစီမံကိန်းကို ထရန့်အဖွဲ့အစည်းက စတင်အကောင်အထည်ဖော်ပြီး တစ်လခန့်အကြာတွင် ဗီယက်နမ်အပေါ် ချမှတ်မည်ဟု ခြိမ်းခြောက်ထားသော အခွန်အတုတ်များကို လျှော့ချပေးရန် အစိုးရအဖွဲ့က သဘောတူခဲ့သည်။
ဗီယက်နမ် တာဝန်ရှိသူများသည်လည်း အဆိုပါစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ၎င်းတို့၏ ကိုယ်ပိုင်ဥပဒေများကိုပင် လျစ်လျူရှုခဲ့ကြသည်။
ထရန့်မိသားစုသည် မီလန်နီယာထရန့်အကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းတင်ဗီဒီယိုအတွက် Amazon ထံမှ ဒေါ်လာ ၂၈ သန်း ရရှိနေသည်။
The Wall Street Journal ၏ ဖော်ပြချက်အရ Amazon သည် “Melania” မှတ်တမ်းတင်ဗီဒီယို၏ မူပိုင်ခွင့်အတွက် အခြားလေလံဆွဲသူများထက် အဆမတန် ပိုမိုပေးချေခဲ့ပြီး ယခင်က အလားတူစီမံကိန်းများအတွက် ပေးချေခဲ့ဖူးသည်ထက်လည်း များစွာ ပိုမိုပေးချေခဲ့သည်။
Amazon ၏ ဥက္ကဋ္ဌနှင့် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဂျက်ဖ်ဘေးဇော့စ်တွင် ယှဉ်ပြိုင်မှုဆိုင်ရာ စည်းမျဉ်းများ၊ Amazon ၏ ကာကွယ်ရေးဆိုင်ရာ စာချုပ်များနှင့် သူ၏ အာကာသကုမ္ပဏီအတွက် ဖက်ဒရယ်အစိုးရနှင့် ချုပ်ဆိုထားသော စာချုပ်များအပါအဝင် အစိုးရအဖွဲ့၏ မျက်နှာသာပေးမှုကို ရယူလိုသည့် အကြောင်းပြချက်များစွာ ရှိနေသည်။
နည်းပညာနှင့် မီဒီယာကုမ္ပဏီကြီးများသည် ထရန့်အား ပြန်လည်ရွေးကောက်ခံရပြီးကတည်းက အမှုရင်ဆိုင်ဖြေရှင်းခ (Settlements) အဖြစ် ဒေါ်လာ ၉၀.၅ သန်းလည်း လျော်ကြေးပေးခဲ့ရသည်။
အဆိုပါ လျော်ကြေးများကို လူမှုမီဒီယာ X၊ ABC News၊ Meta၊ YouTube နှင့် Paramount တို့ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းတို့အနက် တစ်ခုမျှ ခိုင်လုံသော အကြောင်းပြချက် မရှိခဲ့ပေ။ ဥပမာ Paramount ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်အတွင်း ကင်မလာဟဲရစ်နှင့် လူတွေ့မေးမြန်းခန်းကို လှည့်ဖြားတည်းဖြတ်ခဲ့သည်ဟူသော ထရန့်၏ စွပ်စွဲချက်အတွက် သမ္မတကို ဒေါ်လာ ၁၆ သန်း ပေးချေရန် သဘောတူခဲ့သည်။ အဆိုပါ တည်းဖြတ်မှုမှာ သတင်းမီဒီယာလောကတွင် ပုံမှန်လုပ်ဆောင်လေ့ရှိသည့် အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ သုံးပတ်အကြာတွင် ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) က Paramount နှင့် Skydance ကုမ္ပဏီတို့၏ ဒေါ်လာ ၈ ဘီလီယံတန် ပေါင်းစည်းမှုကို အတည်ပြုပေးခဲ့သည်။
ကာတာနိုင်ငံက ထရန့်အား ဒေါ်လာ ၄၀၀ သန်းတန် အမျိုးအစား တိုက်လေယာဉ်တစ်စင်းကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး ၎င်းက ယင်းလေယာဉ်ကို သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း Air Force One အဖြစ် အသုံးပြုမည်ဖြစ်ကာ ရာထူးမှ နုတ်ထွက်ပြီးနောက်တွင်လည်း မိမိနှင့်အတူ ယူဆောင်သွားရန် စီစဉ်ထားသည်။
ယင်းလက်ဆောင်သည် ကာတာနိုင်ငံအပေါ် မိမိ၏ ဆက်ဆံမှုအပေါ် လွှမ်းမိုးမှုရှိနိုင်ကြောင်းကို ထရန့်ကိုယ်တိုင် ဝန်ခံခဲ့ပုံရသည်။ ကာတာနိုင်ငံက လေယာဉ်ပေးအပ်ရန် ကမ်းလှမ်းပြီး မကြာမီမှာပင် ဒိုဟာမြို့၌ “ကျွန်တော်တို့ ဒီနိုင်ငံကို အကာအကွယ်ပေးသွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။ ထရန့်က ၎င်းသည် ရာထူးမှ နုတ်ထွက်ပြီးနောက် အဆိုပါလေယာဉ်ကို မိမိ၏ သမ္မတစာကြည့်တိုက်သို့ ပြောင်းရွှေ့ထားရှိရန် မျှော်လင့်ကြောင်း ပြောဆိုထားသည်။
ထရန့်မိသားစုသည် အမျိုးမျိုးသော ခရစ်ပတိုငွေကြေးများမှတစ်ဆင့် ဒေါ်လာ ၈၆၇ သန်းထက်မနည်း ရရှိခဲ့သည်။
Reuters သတင်းဌာန၏ အဆိုအရ ထရန့်၏ ခရစ်ပတို ရောင်းချမှုမှာ ၎င်းအတွက် အမြတ်အစွန်းအများဆုံး ရရှိစေသည့် လုပ်ငန်းတစ်ခု ဖြစ်နေသည်။ နိုင်ငံခြားသားများ အပါအဝင် ဖက်ဒရယ်မူဝါဒအပေါ် လွှမ်းမိုးလိုသူများသည် ထရန့်မိသားစု၏ Coins များကို ဝယ်ယူခြင်းဖြင့် ၎င်းတို့ထံသို့ ငွေကြေးများကို ထိရောက်စွာ လွှဲပြောင်းပေးနိုင်ကြပြီး အဆိုပါ အရောင်းအဝယ်များကို များသောအားဖြင့် လျှို့ဝှက်ထားလေ့ရှိသည်။
လူသိရှင်ကြား ဖြစ်လာသည့် အဖြစ်အပျက်တစ်ခုမှာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ ကျောထောက်နောက်ခံပြုထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုက ပြီးခဲ့သည့်နှစ်တွင် ထရန့်၏ လုပ်ငန်းတစ်ခုအတွင်းသို့ ဒေါ်လာ ၂ ဘီလီယံ ထည့်ဝင်ရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ ယင်း ကြေညာချက်ကို သမ္မတက UAE နိုင်ငံအား ခေတ်မီချစ်ပြား (Chips) များ ရယူသုံးစွဲခွင့် မပေးမီ နှစ်ပတ်အလိုတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ခြုံငုံသုံးသပ်ရလျှင် ထရန့်သည် သမ္မတရာထူးသို့ ပြန်လည်ရောက်ရှိလာခြင်းမှတစ်ဆင့် အမေရိကန် အလတ်စား အိမ်ထောင်စုတစ်စု၏ ဝင်ငွေထက် အဆပေါင်း ၁၆,၈၂၂ ဆနှင့် ညီမျှသော အကျိုးအမြတ်များကို ရရှိခဲ့သည်။
ချမ်းသာကြွယ်ဝလိုမှုအပေါ် ထရန့်၏ ငတ်မွတ်မှုမှာ သိသာထင်ရှားလှသည်။ အမေရိကန် သမိုင်းတစ်လျှောက်တွင် ပါတီနှစ်ရပ်လုံးမှ သမ္မတများသည် ပြည်သူ့ဝန်ဆောင်မှုမှတစ်ဆင့် ကိုယ်ကျိုးစီးပွားရှာဖွေသည်ဟူသော အမြင်မျိုး မရှိစေရန် အထူးဂရုပြုခဲ့ကြသည်။
ထရန့်ကမူ အမေရိကန် ကော်ပိုရေးရှင်းများထံမှ အကျိုးအမြတ်များကို ဝမ်းမြောက်ဝမ်းသာ ညှစ်ထုတ်ယူခြင်း၊ နိုင်ငံခြားအစိုးရများထံမှ လက်ဆောင်ပစ္စည်းများကို ကြွားဝါခြင်းနှင့် မိမိ၏ ကိုယ်ပိုင်စည်းစိမ်ဥစ္စာများ လျင်မြန်စွာ တိုးပွားလာမှုကို ဂုဏ်ပြုခြင်းတို့ လုပ်ဆောင်လျက် ရှိသည်။
အမေရိကန်သမ္မတဟောင်း ဟယ်ရီ ထရူးမင်း သည် ၁၉၅၃ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်သည့်အခါ ကိုယ်ပိုင်ကားတစ်စီးပင် မရှိခဲ့ပေ။ သူနှင့် ၎င်း၏ဇနီးသည် မစ်ဆိုရီပြည်နယ်သို့ ရထားဖြင့် ပြန်ခဲ့ကြပြီး စစ်တပ်မှရရှိသည့် ပင်စင်လစာဖြင့်သာ ခေတ္တနေထိုင်ခဲ့ကြသည်။
သူသည် မိမိ၏ ပြည်သူ့ဝန်ဆောင်မှုကို စီးပွားဖြစ် အသုံးချသည်ဟု ယူဆရမည့် မည်သည့်အလုပ်ကိုမျှ လက်ခံရန် ငြင်းဆန်ခဲ့ပြီး “သူတို့က လူပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဟယ်ရီ ထရူးမင်းကို ငှားရမ်းဖို့ စိတ်ဝင်စားတာ မဟုတ်ဘူး၊ အမေရိကန် သမ္မတဟောင်းတစ်ယောက်ကိုပဲ ငှားရမ်းချင်ကြတာဆိုတာ ကျွန်တော် သိပါတယ်” ဟု ရှင်းလင်း ပြောကြားခဲ့ဖူးသည်။
သို့သော်ထရန့်ကမူ ၎င်းသည် ရာထူးမှ နုတ်ထွက်ချိန်တွင် ကာတာနိုင်ငံမှ လက်ဆောင်အဖြစ် ပေးအပ်ထားသည့် ဒေါ်လာ ၄၀၀ သန်းတန် Boeing 747 လေယာဉ်ကို မိမိနှင့်အတူ ယူဆောင်သွားရန်နှင့် ၎င်း၏ သမ္မတစာကြည့်တိုက်တွင် ခင်းကျင်းပြသရန် စီစဉ်ထားသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ကျော်က ပညာရှင်အရစ္စတိုတယ် ရေးသားခဲ့သည့်အတိုင်း ခေါင်းဆောင်များက မိမိတို့ကိုယ်ကျိုးစီးပွား ကြွယ်ဝစေရန် လုပ်ဆောင်နေသည့် အစိုးရမျိုးသည် မိမိကိုယ်ကိုယ် သမ္မတနိုင်ငံဟု ခေါ်ဆိုနေဆဲဖြစ်ပြီး ပုံမှန်လုပ်ငန်းစဉ်များကို လုပ်ဆောင်နေဆဲ ဖြစ်နိုင်သော်လည်း၊ အစိုးရ၏ ရည်မှန်းချက်မှာ အများပြည်သူအကျိုးစီးပွားမှသည် ပုဂ္ဂလိကအကျိုးအမြတ်ဆီသို့ ပြောင်းလဲသွားချိန်တွင် ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အနှစ်သာရမရှိသော အခွံသက်သက်သာ ဖြစ်သွားလိမ့်မည်ဟု ရှင်းလင်းစွာ မြင်တွေ့သတိပေးခဲ့သည်။ ထိုသို့သော အစိုးရမျိုးသည် ပြည်သူအတွက်ဖြစ်သော အစိုးရ မဟုတ်တော့ပေ။
တာဝန်ရှိသူများက ပုဂ္ဂလိက ဓနဥစ္စာများ စုဆောင်းနိုင်ရန် လမ်းဖွင့်ပေးနေချိန်တွင် လောဘ၏ တောင်းဆိုချက်များက အစိုးရ၏ လုပ်ငန်းဆောင်တာများကို တဖြည်းဖြည်း အကျင့်ပျက် ခြစားလာစေသည်။
ထိုထက်ပို၍ ဆိုးဝါးသည်မှာ ထိုကဲ့သို့သော အစိုးရမျိုးသည် ၎င်း၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ရသော ပြည်သူများကိုပါ ပျက်စီးစေခြင်း ဖြစ်သည်။ ပြည်သူများအနေဖြင့် အစိုးရ၏ ဥပဒေများကို အများဆုံး ငွေပေးနိုင်သူက ရေးသားနေသည့် လူ့အဖွဲ့အစည်းတွင် နေထိုင်နေရသည်ဟူသော အတွေ့အကြုံကို ရရှိလာကြသည်။ ယင်းကဲ့သို့သော ပြည်သူများက ဥပဒေများကို လိုက်နာရန်နှင့် လွတ်လပ်စွာ ပြောဆိုခြင်း၊ မဲပေးခြင်း၊ အခွန်ပေးဆောင်ခြင်း စသည့် ဒီမိုကရေစီ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရန် စိတ်အားထက်သန်မှု လျော့နည်းလာကြသည်။
ထရန့်သည် ပုဂ္ဂလိက အကျိုးအမြတ်အတွက် အစိုးရ အဖွဲ့အစည်းများကို အနှစ်သာရ ကင်းမဲ့အောင် လုပ်ဆောင်နေခြင်းကြောင့် အမေရိကန်သည် ယင်းကဲ့သို့သော ယုံကြည်မှု ကင်းမဲ့သည့် သံသရာထဲသို့ ကျရောက်မည့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
