မကွေးတိုင်း၊ အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာရှိ မင်္ဂလာဆောင်မဏ္ဍပ် ဗုံးကြဲခံရမှုကြောင့် ဒဏ်ရာရရှိသူများအနက် ၂ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။
ဇန်နဝါရီ ၂၂ရက်၊ မွန်းလွဲ ၂နာရီခန့်တွင် အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာရှိ မင်္ဂလာဆောင်မဏ္ဍပ်ကို အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စင်းဖြင့် ပေါင် ၁၀၀ ဗုံးသီး ၃လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လသားအရွယ်ကလေးငယ်တစ်ဦး၊ အမျိုးသမီး၂ဦး နှင့် အမျိုးသား ၂ဦး စုစုပေါင်း ငါးဦး သေဆုံးကာ ၁၀ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း အောင်လံ လူထု အဖွဲ့ထံက သိရသည်။
” ဒဏ်ရာအပြင်းအထန်ရတဲ့လူတွေများတယ်လို့သိရပါတယ်။ အလောင်းတွေတောင်အခုထိ မ ကောက်နိုင်သေးဘူး။ ရွာထဲကို ရွာသားတွေ ခုထိပြန်မဝင်ရဲကြသေးဘူး” ဟု အောင်လံလူထုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ ( ဇန်နဝါရီ ၂၃ရက် )နေ့ခင်းပိုင်းတွင် MPA ကို ပြောသည်။
အသက်အန္တရာယ်စိုးရိမ်ရသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းနှင့် ရင်ဘတ်တို့၌ ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
” မင်္ဂလာဆောင်ရှိတာကို သတင်းပေးလိုက်ကြပုံရပါတယ်။ ဒီလထဲ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်လာတဲ့စစ်သား ၂ဦးကထွက်ပြေးပြီး စစ်တပ်နဲ့ပြန်ပေါင်းသွားတယ်လို့ သိရပါတယ်” ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
တပ်ကုန်းရွာ၌ ပြုလုပ်မည့် မင်္ဂလာဆောင်ပွဲရက်မတိုင်မီ တရက်အလိုတွင် စစ်တပ်က ဗုံးကြဲခဲ့ခြင်း ဖြစ်ပြီး မင်္ဂလာမဏ္ဍပ်တည့်တည့်သို့ ဗုံးတစ်လုံး၊ ဘေးအိမ်သို့ တစ်လုံးနှင့် ရွာမြောက်ပိုင်းသို့ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ နေအိမ် ၃လုံး မီးလောင်ပျက်စီးခဲ့သည်။
“အခုသတို့သား၊သတို့သမီးအိမ်က လွတ်တယ်။ဘာလို့လွတ်လဲဆိုရင် တောရွာတွေမှာက မဏ္ဍပ်ကိုအ ကြီးကြီးဆောက်ကြတယ်။ အဲ့ဒါ သတို့သားအိမ်က မြေနေရာကျဥ်းလို့ ဘေးအိမ်မှာ အကူညီတောင်း ပြီး မဏ္ဍပ်ဆောက်ခွင့်တောင်းပြီးဆောက်တာ။ အဲဒါကြောင့် သတို့သား၊သတို့သမီးကလွတ်တယ်။ မဏ္ဍပ်ဆောက်ထားတဲ့ အိမ်ဝင်းကထိသွားတာပါ”ဟု အောင်လံလူထုအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောသည်။
တပ်ကုန်းရွာသည် အောင်လံမြို့နယ်၏ အရှေ့မြောက်ခြမ်းတွင် တည်ရှိပြီး ဆင်ပေါင်ဝဲမြို့နယ်နှင့် ၄မိုင်ခန့်သာ ကွာဝေးသည်။
ဇန်နဝါရီ ၂၁ရက်ကလည်း တပ်ကုန်းရွာနှင့် ၁၁မိုင်ခန့်အကွာရှိ ဆင်ပေါင်ဝဲမြို့နယ်၊ ဝန်ကုန်းရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူအချို့ ဒဏ်ရာရရှိခဲ့သေးသည်။
