ဟောင်ကောင်အမျိုးသမီးတစ်ဦး အသက် ၅၈ နှစ်အရွယ်တွင် ဒုတိယမြောက် ကလေးမွေးဖွား

ဓာတ်ပုံ - South China Morning Post
ပုံစာ - အသက် ၅၈ နှစ်အရွယ်တွင် ဒုတိယမြောက် ကလေးမွေးဖွားခဲ့သူ ချန်လိုင်လိုင်းအား တွေ့ရစဉ်

ဟောင်ကောင်မှ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အသက်ကြီးမှ ကိုယ်ဝန်ဆောင်ပြီး သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သောကြောင့် မိသားစုက ယခုသီတင်းပတ်ကုန်တွင် လူမှုကွန်ရက်၌ ကြေညာခဲ့ပြီး အများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

တရုတ် ရုပ်ရှင်သရုပ်ဆောင် ဘရိုင်ယန် ဝေါင် ကျောက်ဖုန်း၏ဇနီးဖြစ်သူ ချန် လိုင်လိုင်သည် သားသမီးရယူလိုသူများအတွက် အထောက်အကူပြုသော မျိုးပွားမှုဆိုင်ရာ ကုသနည်းတစ်မျိုးဖြစ်သည့် ဖန်ပြွန်သန္ဓေသား (IVF) နည်းလမ်းဖြင့် သန္ဓေတည်ပြီးနောက် သြဂုတ်လ ၂၂ ရက်နေ့တွင် ဒုတိယမြောက်ရင်သွေးကို မွေးဖွားခဲ့သည်။

လူမှုကွန်ရက်ပေါ်၌ တင်ခဲ့သော ဗီဒီယိုတစ်ခုတွင် ဝေါင်သည် မီးဖွားခန်းထဲ၌ ချက်ကြိုးဖြတ်ပေးနေပုံ၊ မွေးကင်းစကလေးငယ်ကို ကြိုဆိုနှုတ်ဆက်နေပုံနှင့် သူ၏ ခြောက်နှစ်အရွယ် သမီးကြီးကို ညီမလေးအသစ်နှင့် မိတ်ဆက်ပေးနေပုံတို့ကို တွေ့ရသည်။

“အသက်ကြီးမှ ကလေးမွေးတာဟာ ပြဿနာမရှိဘူးဆိုတာကို အစ်မက လက်တွေ့ပြလိုက်တာပဲ၊ တကယ်ကို အံ့ဩစရာပါပဲ” ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက အဆိုပါ ဗီဒီယိုပို့စ်အောက်တွင် မှတ်ချက် ရေးသားခဲ့သည်။

ချန်ကိုယ်ဝန်ရှိကြောင်း သတင်းသည် မေလတွင် လူအများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ပြီး အသက်ကြီးမှ ကလေးလိုချင်သော အမျိုးသမီးများအတွက် မျှော်လင့်ချက်များ ဖြစ်ပေါ်စေခဲ့သလို၊ အသက်ကြီးမှ မီးဖွားခြင်း၏ အန္တရာယ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်စေခဲ့သည်။

ဟောင်ကောင်တွင် ကလေးမွေးဖွားနှုန်းအလွန်အမင်းကျဆင်းမှုကို တိုးတက်စေရန် ပိုမိုကျယ်ပြန့်သည့် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ဟောင်ကောင်အစိုးရသည် အသက်ကြီးသောအမျိုးသမီးများ ကလေးမွေးဖွားနိုင်ရန်အတွက် ၎င်းတို့အလိုရှိသလောက် သန္ဓေသားလောင်းများကို သိမ်းဆည်းထားခွင့်ပေးခြင်းနှင့် ဖန်ပြွန်သန္ဓေသား ကုသမှုခံယူသူများအတွက် အခွန်လျှော့ပေါ့မှုများ ပေးခြင်းအပါအဝင် အစီအမံများကို ချမှတ်ခဲ့သည်။

ဟောင်ကောင်တွင် မိခင်ဖြစ်သူ၏ ပျမ်းမျှအသက်သည် ၁၉၇၆ ခုနှစ်တွင် ၂၄ ဒသမ၄ နှစ်မှ ၂၀၂၄ ခုနှစ်တွင် ၃၂ ဒသမ၈ နှစ်အထိ တိုးလာခဲ့သည်။

ချန်၏သမီးကြီးသည် ချန် အသက် ၅၂ နှစ်အရွယ် ၂၀၁၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး သူမနှင့်အတူနေရန် မောင်နှမတစ်ဦးကို လိုချင်သောကြောင့် ဒုတိယမြောက်ရင်သွေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ချန်နှင့် ဝေါင်တို့က ပြောကြားခဲ့သည်။

ချန်သည် သူမ၏ပထမဆုံးကိုယ်ဝန်ဆောင်စဉ်က ကိုယ်ဝန်ဆောင်စဉ်ဖြစ်ပွားနိုင်သော အရေပြားရောဂါတစ်မျိုးဖြစ်သည့် ကိုယ်ဝန်ဆောင်စဉ် နှင်းခူနာအပြင် သွေးပေါင်ချိန်လည်း အနည်းငယ်မြင့်မားခဲ့ပြီး မီးဖွားစဉ်တွင် ကိုယ်ဝန်ဆိပ်တက်ခြင်းလည်း ခံစားခဲ့ရသည်။

သူမ၏ဒုတိယမြောက်ရင်သွေးအတွက်မူ ချန်သည် ယမန်နှစ်က ကိုယ်ဝန်ပျက်ကျခဲ့ပြီးနောက် ထိုင်ဝမ်တွင် ဖန်ပြွန်သန္ဓေသား ကုသမှုခံယူခဲ့သည်။

၎င်းတို့ဇနီးမောင်နှံသည် ၎င်း၏ဝမ်းဗိုက်ထဲသို့ နေ့စဉ်ဆေးထိုးခြင်းအပါအဝင် ဟောင်ကောင်ဒေါ်လာ ၂၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂၅,၇၀၀) ခန့် သုံးစွဲခဲ့ရသည်။

သားဖွားမီးယပ်အထူးကုဆရာဝန်များက ဟောင်ကောင်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးငါးဦးတွင် တစ်ဦးသည် အသက် ၃၅ နှစ်နှင့်အထက်ဖြစ်ပြီး ၂၀ ဦးတွင် တစ်ဦးသည် အသက် ၄၀ ကျော်ဖြစ်သောကြောင့် အသက်ကြီးမှ ကိုယ်ဝန်ဆောင်သူများဖြစ်ကြောင်း ယခင်က South China Morning Post သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယင်းအရေအတွက်သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးတစ်ခုဖြစ်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ကိုယ်ဝန်ပျက်ကျနိုင်ခြေသည် အသက် ၄၅ နှစ်နှင့်အထက်သူများအတွက် ၄၀ ရာခိုင်နှုန်းအထိ တိုးလာပြီး အသက် ၄၀ နှင့်အထက်အမျိုးသမီးများတွင် သန္ဓေသားသေဆုံး၍ မွေးဖွားနိုင်ခြေမှာ အသက် ၃၅ နှစ်အောက်အမျိုးသမီးများထက် သုံးဆပိုများသည်။