ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊မူရွင်းရွာရှိ စစ်ဘေးရှောင်များ ခိုလှုံရာ အထက်တန်းကျောင်းကို စစ်တပ်က တစ်ရက်တည်းနှင့် ၃ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ၂၄ရက်၊မွန်းလွဲ ၁၂နာရီ၅၅မိနစ်ဝန်းကျင်တွင် ဒရုန်း၂စင်းနှင့် ဗုံးကြဲခဲ့ပြီး ညနေ ၄နာရီမိနစ် ခန့်တွင် နောက်ထပ်ဒရုန်း၂စင်းနှင့် ၅နာရီမိနစ်၂၀ခန့်တွင် ဂျက်ဖိုက်တာဖြင့် မူရွင်းရွာနှင့် ကုန်းဘောင် ရွာတို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။
“မူရွင်းရွာ ဗုံးကြဲခံရတဲ့ အချက်အလက်ကိုတော့ သီးခြားမရထားဘူး။AA ထုတ်ပြန်သလောက်ပဲ သိပါ တယ်။ပြောနိုင်တာကတော့ ရခိုင်ပြည်နယ်တစ်ခုလုံးကို ခြုံကြည့်ရင် စစ်တပ်က AA ကိုမနိုင်တော့ ပြည်သူတွေကို မဲပြီး ရတဲ့လူ ရသလောက် သတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာပါ” ရန်ကုန် စာပေရပ်ဝန်းမှ ရခိုင်အမျိုးသားတစ်ဦးက MPAသို့ပြောသည်။
မူရွင်းရွာအထက်တန်းကျောင်းတွင် အနီးဝန်းကျင်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်များ ခိုလှုံ နေကြ ခြင်း ဖြစ်ပြီး မွန်းလွဲ၁၂နာရီ ၅၅မိနစ်ဝန်းကျင်အချိန် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် သိုင်းချောင်းရွာနေ ဒေါ်ဖြူနုမ (၈၁ နှစ်) နှင့် ဦးမှဲဒေါင်း (၅၆ နှစ်)တို့ သေဆုံးခဲ့သည်။
ဒဏ်ရာရရှိသူများမှာ အမျိုးသမီး၃ဦး၊ ၉လအရွယ်ကလေးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဖြစ်သည်။
ဇန်နဝါရီ၂၂ရက်ကလည်း ကျောက်ဖြူမြိုနယ်၊ ဇင်ချောင်း ကုန်ဘွေရွာကို ဒရုန်းတစ်စင်းဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ၂ဦး ဒဏ်ရာရခဲ့သည်။
ထို့အပြင်ဇန်နဝါရီ၁၈ရက်နှင့် ၁၉ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ကျောက်ကလေရွာကို ဂျက်ဖိုက် တာနှင့် ဒရုန်းတို့ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သည့်အပြင် စစ်သင်္ဘောပေါ်မှလည်း လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ ပြည်သူ၂ဦးသေ၊ ၂ဦး ဒဏ်ရာရပြီး ပြည်သူ့နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း AA က ထုတ်ပြန်သည်။
