မြန်မာနိုင်ငံသည် ပညာသင်ကြားခွင့် ကာကွယ်ရန် အခက်ခဲဆုံးနိုင်ငံတစ်ခုဖြစ်ကြောင်း UNICEF ထုတ်ပြန်

ဓာတ်ပုံ - UNICEF Myanmar
ပုံစာ - စာသင်ကြားနေကြသည့် ကလေးငယ်အချို့အား တွေ့ရစဥ်

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေမှာ ပညာသင်ကြားခွင့်အတွက် ကာကွယ်ရန် အခက်ခဲဆုံး အခြေအနေတစ်ခု ဖြစ်နေကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF Myanmar) က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်၌ ထုတ်ပြန်လိုက်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြားတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် ကျောင်းနေအရွယ် ကလေးငယ်များ၏ ပညာသင်ကြားရေးမှာ အဘက်ဘက်မှ အခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း ကျောင်းဆရာ၊ ဆရာမများက ဆိုကြသည်။

“အခက်အခဲကတော့ အများကြီးပဲ။ အကုန်အအောင်ပေးတဲ့ စနစ်ကြောင့် ကလေးတွေက တကယ်မတတ်တော့ဘဲ ဖြစ်နေတာ။ အဲဒီအခြေအနေမှာ သင်ရိုးမြှင့်လိုက်တော့ ပိုဆိုးတယ်။ သင်ရိုးအဆင့်မြှင့်ပေမဲ့ ကျက်ဖြေစနစ်နဲ့ပဲ ဆက်သွားတော့ ကလေးတွေကို ပိုဒုက္ခရောက်အောင် လုပ်သလို ဖြစ်နေတယ်။ မြို့ပေါ်က ကလေးတွေထဲမှာလည်း ကျူရှင်နဲ့ ငယ်ငယ်ကတည်းက သေချာလုပ်လာတဲ့သူတွေလောက်ပဲ အဆင်ပြေတာ” ဟု CDM ကျောင်းဆရာတစ်ဦးက MPA သို့ ပြောကြားသည်။

ကျောင်းနေအရွယ် ကလေးငယ်များအနေဖြင့် စစ်ကော်မရှင်တပ်က စာသင်ကျောင်းများနှင့် ဘာသာရေး အဆောက်အအုံများကို လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အသက်အန္တရာယ် လုံခြုံမှုမရှိခြင်း၊ အွန်လိုင်းဖြင့် အစားထိုးသင်ကြားရာတွင်လည်း အင်တာနက်လိုင်း ကောင်းမွန်မှုမရှိခြင်းတို့ကြောင့် စာသင်ကြားရာတွင် အခက်အခဲများစွာ ကြုံတွေ့နေရသည်။

“ကိုယ့်ကလေးတွေကို ပညာတတ်စေချင်လို့သာ ကြိုးစားနေရတာ၊ ကျောင်းလွှတ်ရတာလည်း စိတ်မချဘူး။ စစ်တပ်ရဲ့ ရန်က ပထမ၊ ဒုတိယက ငွေရေးကြေးရေးပေါ့။ စာသင်ကြတဲ့ ကလေးတွေရော၊ မိဘတွေရောက သူ့ဟာနဲ့သူ အခက်အခဲတွေချည်းပဲ” ဟု မကွေးတိုင်းအတွင်းရှိ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် စစ်ကိုင်းနှင့် မကွေးတိုင်း အပါအဝင် အခြားသော ဒေသများတွင် ရွေ့လျားစာသင်ကျောင်းများ၊ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများက သင်ကြားပေးနေကြသော်လည်း သင်ရိုးညွှန်းတမ်းပစ္စည်းများနှင့် သင်ကြားရေးစာအုပ်များ မလုံလောက်သည့် ပြဿနာများကို ရင်ဆိုင်နေရကြောင်း သိရသည်။

“ကလေးတွေရဲ့ ပညာရေးက တိုင်းပြည်တစ်ခုအတွက် အဓိကပါပဲ။ အခုက တော်တဲ့ကလေးတွေကလည်း G12 ပြီးရင် ကျောင်းတက်တာ ပြီးသွားပြီလို့ သတ်မှတ်လိုက်ကြတယ်။ တက္ကသိုလ်တွေကို မလှမ်းနိုင်တော့ဘူး။ အခုက တချို့နယ်မြေတွေမှာ G12 ပြီးသွားတဲ့ ကလေးတွေကို သင်တန်းတွေ လုပ်ပေးနေတာတွေ ရှိတော့ အဆိုးထဲက အကောင်းတစ်ခု ဖြစ်ရပါတယ်” ဟု စစ်ကိုင်းတိုင်းအတွင်း နေထိုင်သည့် စေတနာ့ဝန်ထမ်း ဆရာမတစ်ဦးက ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂၆) တွင် “လူတိုင်း ပညာသင်ကြားခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသော်လည်း လက်ရှိ မြန်မာနိုင်ငံ၌ ယင်းပြဋ္ဌာန်းချက်များသည် အကြီးအကျယ် ချိုးဖောက်ခံနေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် လူဦးရေ ၃ ဒသမ ၅ သန်းကျော်အနက် သုံးပုံတစ်ပုံခန့်မှာ ကလေးသူငယ်များဖြစ်ကြောင်း UNICEF Myanmar က ၂၀၂၅ ခုနှစ်၊ သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရှိရသည်။