ရန်ကုန်မြို့တွင် ဧည့်စာရင်းစစ်ဆေးမှု သိသိသာသာ များနေကြောင်း သိရသည်။
ရန်ကုန်တွင် ဩဂုတ်လလယ်ပိုင်းမှစတင်ကာ ဧည့်စာရင်းစစ်ခြင်းကို စီမံချက်အသွင် ပြုလုပ်လာ သ လို ဧည့်စာရင်းမတိုင်ထားပါက ဖမ်းဆီးကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။
“ဧည့်စာရင်းမတိုင်ထားရင် ရပ်ကွက်ရုံးထဲ ဖမ်းထားလိုက်တယ်။တချို့ရပ်ကွက်ရုံးတွေမှာ အချုပ်ခန်း လုပ်ထားတယ်။ညတွင်းချင်း ပိုက်ဆံ တစ်သိန်း၊၂သိန်းပေးနိုင်ရင် လွတ်တယ်။နောက်တစ်ရက်ကူး သွားရင် ၄၊၅သိန်း ဖြစ်သွားပြီ။မပေးနိုင်ရင် စစ်မှုထမ်းထဲ ပို့တယ်”ဟု ၎င်းက MPAသို့ပြောသည်။
ရန်ကုန်မြို့တွင် စက်တင်ဘာ၁ရက်မှ ၇ရက်အတွင်း ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံရသူ ၁၂ဦး ရှိကြောင်း Rangoon Scout Network က သတင်းထုတ်ပြန်ထားသည်။
“ဧည့်စစ်တာတွေ ပြီးခဲ့တဲ့ အပတ်နဲ့ ဒီအပတ်ထဲ များပါတယ်ဗျ။ ရွေးကောက်ပွဲ လုံခြုံရေးအ တွက် ထင်တယ်။ နောက်ပိုင်း ပုံမှန်ထက် ပိုစစ်လာတာ တွေ့ရပါတယ်ဗျ”ဟု Rangoon Scout Networkမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ၈ရက်ညတွင် ပြောသည်။
လှိုင်၊တောင်ဥက္ကလာနှင့်မြောက်ဒဂုံနေ ပြည်သူ၃ဦးကလည်း ဩဂုတ်လကုန်ပိုင်းမှ စတင်ကာ ဧည့် စာရင်းစစ်မှုများလာကြောင်း ပြောကြားကြသည်။
“ဧည့်စာရင်းလာစစ်ရင် လာတဲ့စစ်သားတွေကို အုပ်ကြီးတွေက ကျွေးမွေးဧည့်ခံရသေးတယ်။အဲဒါ ကြောင့် အခု ရပ်ကွက်ထဲကို စစ်တပ်က ၃ရက်တစ်ခါလောက်လာနေတော့ အုပ်ကြီးတွေ ညစ်နေ တယ်” ဟု လှိုင်မြို့နယ်နေ ရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စက်တင်ဘာ ၇ ရက်၊ ည ၁၀ နာရီခွဲခန့်ကလည်း ကမာရွတ်မြို့နယ်၊ ၂ ရပ်ကွက်၊ စံရိပ်ငြိမ် ၃ လမ်းထဲ ပလုံကောက်နေသည့် လူငယ် ၇ ဦးကို ရဲများက ဝင်ဖမ်းခဲ့ရာ ၆ဦး ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းပလုံကောက်သူတို့မှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ဖြစ်ကြောင်း Rangoon Scout Network က ထုတ်ပြန်ထားသည်။
