ပြည်ပဆေးကျောင်းများမှ ဘွဲ့ရပြီး စင်ကာပူနိုင်ငံတွင် ဆေးကုသခွင့်ရရှိရန် အသိအမှတ်ပြုထားသည့် တက္ကသိုလ်များစာရင်းတွင် နောက်ထပ် ပြည်ပတက္ကသိုလ် ၈ ခုကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ ထပ်မံထည့်သွင်းလိုက်သည်။
စင်ကာပူနိုင်ငံ၏ သက်ကြီးရွယ်အိုဦးရေ တိုးပွားလာမှုနှင့်အတူ ဆရာဝန်လိုအပ်ချက် မြင့်မားလာမှုကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်အတွက် ယခုကဲ့သို့ ကျောင်းသစ်များကို အတည်ပြုပေးခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန (MOH) နှင့် စင်ကာပူဆေးဘက်ဆိုင်ရာကောင်စီ (SMC) တို့က ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့သည်၊၊
ယခုထပ်မံတိုးချဲ့လိုက်သဖြင့် စင်ကာပူနိုင်ငံက အသိအမှတ်ပြုထားသည့် ပြည်ပဆေးတက္ကသိုလ် အရေအတွက်မှာ ၁၁၂ ခုမှ ၁၂၀ အထိ ရှိလာခဲ့ပြီဖြစ်သည်၊၊
ထပ်မံအသိအမှတ်ပြုလိုက်သည့် ကျောင်းများမှာ သြစတြေးလျနိုင်ငံရှိ Adelaide University၊ အိန္ဒိယနိုင်ငံရှိ Manipal Academy of Higher Education၊ အိုင်ယာလန်နိုင်ငံရှိ University of Galway၊ မလေးရှားနိုင်ငံရှိ Universiti Sains Malaysia၊ ပါကစ္စတန်နိုင်ငံရှိ The Aga Khan University Medical College၊ တရုတ်နိုင်ငံရှိ Tsinghua University၊ ဗြိတိန်နိုင်ငံရှိ University of Exeter နှင့် ဗြိတိန်နိုင်ငံရှိ City St George’s, University of London တို့ ဖြစ် သည်၊၊
“စင်ကာပူမှာ ဆေးကုသဖို့ လျှောက်ထားတဲ့ ပြည်ပသင်တန်းဆင်း ဆရာဝန်တွေဟာ စင်ကာပူက ကျောင်းတွေနဲ့ တန်းတူညီမျှတဲ့ လေ့ကျင့်သင်ကြားမှုမျိုး ရရှိထားစေဖို့အတွက် မှတ်ပုံတင်နိုင်တဲ့ ဆေးပညာဆိုင်ရာ အရည်အချင်းသတ်မှတ်ချက်စာရင်းကို SMC က ပုံမှန် ပြန်လည်သုံးသပ်နေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊
ထိုသို့ သုံးသပ်ရာတွင် ကျောင်းများ၏ နိုင်ငံတကာအဆင့်သတ်မှတ်ချက်၊ သင်ကြားသည့်ဘာသာစကားမှာ အင်္ဂလိပ်ဘာသာစကား ဖြစ်၊ မဖြစ်နှင့် အဆိုပါတက္ကသိုလ်များမှ ဆင်းလာသည့် ဆရာဝန်များ၏ လုပ်ငန်းစွမ်းဆောင်ရည် အစရှိသည့် အချက်များစွာကို ထည့်သွင်းစဉ်းစားကြောင်းလည်း ဖော်ပြထားသည်၊၊
“ပြည်တွင်းဆေးတက္ကသိုလ်တွေရဲ့ နှစ်စဉ်ကျောင်းသားလက်ခံမှုကို ၂၀၁၄ ခုနှစ်မှာ ၄၄၀ ဝန်းကျင်ကနေ ၂၀၂၅ ခုနှစ်မှာ ၅၅၅ ဦးအထိ တိုးမြှင့်ခဲ့ပေမဲ့ သက်ကြီးရွယ်အို အရေအတွက်များလာတာနဲ့အမျှ တိုးပွားလာတဲ့ ဆရာဝန်လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ဖို့အတွက် အခုလို ထပ်မံတိုးချဲ့လိုက်တာဖြစ်ပါတယ်” ဟု ဆိုသည်၊၊
အဆိုပါ ဆေးတက္ကသိုလ်များမှ ဘွဲ့ရရှိသူအားလုံးသည် စင်ကာပူနိုင်ငံသား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၂၀၂၆ ခုနှစ် မတိုင်မီ သို့မဟုတ် နောက်ပိုင်းတွင် ဘွဲ့ရရှိသူဖြစ်စေ စင်ကာပူ၌ ဆေးကုသခွင့်ရရန် SMC တွင် မှတ်ပုံတင်နိုင်မည်ဖြစ်သည်၊၊
“ပြည်ပသင်တန်းဆင်း ဆရာဝန်တွေရဲ့ ဆေးကုသမှုအဆင့်အတန်း မြင့်မားနေစေဖို့အတွက် SMC အနေနဲ့ လုပ်ငန်းခွင်အစပိုင်း နှစ်တွေမှာ ကြီးကြပ်ကွပ်ကဲမှုစနစ်ကတစ်ဆင့် ဆက်လက်အကဲဖြတ်သွားမှာဖြစ်ပါတယ်” ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်၊၊
