ရုရှားက ဒရုန်းဖြင့် ခရီးသည်တင် ရထားအား တိုက်ခိုက်မှုကို အကြမ်းဖက်မှုဟု ယူကရိန်းသမ္မတ ရှုတ်ချ

ယူကရိန်းအရှေ့ပိုင်း ခါကိဗ်ဒေသရှိ ခရီးသည်တင်ရထားတစ်စင်းကို ဇန်နဝါရီ ၂၇ ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ၅ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။

ခရီးသည် ၂၀၀ နီးပါး တင်ဆောင်လာသည့် ရထားတွဲတစ်ခုကို ရုရှားဒရုန်း ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းဒုဝန်ကြီးချုပ် ယူလီယာ ဆဗီရီဒန်ကိုက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ယခု ဖြစ်ပွားခဲ့သော ရထားတိုက်ခိုက်မှုသည် ၄ နှစ်နီးပါးကြာမြင့်လာပြီဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံကိုယ်စားလှယ်များ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ရက်ပိုင်းအကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ယခုတိုက်ခိုက်မှုကို အကြမ်းဖက်မှုဟု ခေါ်ဆိုကာ ရှုတ်ချခဲ့သည်။

“ရထားတွဲထဲက အရပ်သားတွေကို သတ်ဖြတ်တာဟာ ဘယ်လိုစစ်ရေးအကြောင်းပြချက်မျိုးနဲ့မှ လက်ခံနိုင်စရာမရှိသလို လက်ခံနိုင်စရာလည်း မရှိပါဘူး” ဟု ဇလန်းစကီးက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများသည် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ထိခိုက်စေကြောင်းနှင့် စစ်ပွဲရပ်တန့်ရန် မော်စကိုအပေါ် ဖိအားတိုးမြှင့်ပေးကြရန် မဟာမိတ်များကို ၎င်းက တိုက်တွန်းခဲ့သည်။

“ရုရှားရဲ့ ဒီလိုတိုက်ခိုက်မှုတိုင်းဟာ လက်ရှိလုပ်ဆောင်နေတဲ့ သံတမန်ရေးရာတွေကို ပျက်ပြားစေသလို စစ်ပွဲရပ်တန့်ဖို့ ကူညီပေးနေတဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုကိုလည်း ထိခိုက်စေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယူကရိန်းတောင်ပိုင်းမြို့ဖြစ်သော အိုဒက်ဆာတွင်လည်း ဇန်နဝါရီ ၂၇ ရက်က ရုရှား ဒရုန်းများဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။

ရုရှားသည် စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာသဖြင့် အေးခဲနေသော ရာသီဥတုတွင် ယူကရိန်းပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည်။

ကိယက်ဗ်မြို့တော်ကို ရုရှားက ပြီးခဲ့သည့်အပတ်က တိုက်ခိုက်ခဲ့ပြီးနောက် မြို့တွင်နေထိုင်သူ ၇၀၀,၀၀၀ ကျော်မှာ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ကြုံတွေ့နေရကြောင်း စွမ်းအင်ဝန်ကြီး ဒန်းနစ် ရှမိုင်ဟယ်လ်က ဆိုသည်။