ရခိုင်တွင် အဆိပ်ပါဝင်မှုများသည့် ဒေသထုတ် တောအရက်သောက်သုံးမှုကြောင့် ဘေးထွက်ဆိုးကျိုးများပြားနေ ဟုဆို

ဓာတ်ပုံ- APM
ပုံစာ - ပိတ်ပင်ထားသည့် အရက်ဘီယာများအား စစ်ဆေးဖမ်းဆီးနေသည့် AA ရဲတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်

ရခိုင်ပြည်နယ်တွင် အဆိပ်ပါဝင်မှုများသည့် ဒေသထုတ် တောအရက်သောက်သုံးမှုကြောင့် ဘေးထွက်ဆိုးကျိုးများပြားနေပြီး သေဆုံးမှုများရှိနေ၍ အာရက္ခတော်လှန်ရေးအစိုးရ၏ FDA ဌာနက ကြပ်မတ်စစ်ဆေးနေကြောင်း ဒေသခံများနှင့် ဒေသတွင်းမီဒီယာများထံမှ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလမှစ၍ ပြည်မထုတ် အရက်၊ ဘီယာများနှင့် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်များကို ရခိုင်ပြည်တွင်းသို့ တင်သွင်းခွင့်နှင့် ရောင်းချခွင့်များကို အာရက္ခတပ်တော် (AA) က ပိတ်ပင်ထားသော်လည်း ဒေသတွင်းချက်လုပ်ထားသည့် အရက်များကိုမူ သောက်သုံးခွင့် ပိတ်ပင်ထားခြင်း မရှိကြောင်း သိရသည်။

“ပြည်ပနဲ့ ရန်ကုန်ဘက်ကလာတဲ့ အရက်ဘီယာတွေကို ပိတ်လိုက်တော့ ဓနိရည်၊ အုန်းရည်၊ ထွေးညိုလို့ ခေါ်ကြတဲ့ တောအရက်တွေ၊ ဦးရေတွေ သောက်သုံးလာကြတယ်။ အဲဒါတွေက ဈေးချိုတယ်။ ဓနိရည်၊ အုန်းရည်တွေက တစ်လီတာ တစ်ပုလင်းကို ၃၀၀၀ ဝန်းကျင်၊ ဦးရေက တစ်ပုလင်းကို တစ်သောင်းကျော် ပေးဝယ်ရတယ်။ အရက်နည်းနည်းနဲ့ အချိုရည်စပ်ထားတာကိုက ဝိုင်ပေါ့၊ သူကတော့ ၁၅၀၀၀ လောက်ရှိတယ်” ဟု မြောက်ဦးမြို့နယ်တွင် နေထိုင်ခဲ့သည့် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် တဆေးတစ်မျိုးထည့်ပြီး ပေါင်းခံထားသည့် အရည်အသွေးမပြည့်မီသော ဆန်အရက် ခေါ် တောအရက်များကို ထုတ်လုပ်ရောင်းချနေသည့်အပြင် ရိုးမ၊ Dagon၊ Chang၊ ABC၊ Andaman Gold၊ Grand Royal၊ Black Label၊ Red Label နှင့် တန်ဖိုးကြီးဝီစကီပုလင်းများကို မှောင်ခိုရောင်းချနေမှုများလည်း ရှိနေသည်။

“မှောင်ခိုဆိုတော့ ဈေးကတော့ ပြည်မနဲ့ ငါးဆဝန်းကျင် ကွာတာပေါ့။ ပိုက်ဆံတတ်နိုင်သူတွေကတော့ ဝယ်သောက်နိုင်ကြတယ်။ တချို့ကျတော့လည်း ကော့တေးကို ဦးရေနဲ့ ခပ်ပြင်းပြင်းဖျော်တာ သောက်ကြတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ ဆန်အရက် ခေါ် တောအရက်များကို အလွန်အကျွံသောက်သုံးခြင်းတို့ကြောင့် သွေးအန်ခြင်း၊ အစာအိမ်သွေးကြောပေါက်ခြင်း၊ ဝမ်းအမည်းသွားခြင်း၊ အသည်းခြောက်ခြင်းအပြင် အသက်သေဆုံးမှုများအထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

“တခြားအရက်တွေ သောက်လာတာ ၁၂ နှစ်ကျော်ပြီ။ ကျန်းမာရေးထိတာ မှန်ပေမဲ့ အရမ်းကြီးမထိဘူး။ သူတို့ထုတ်တဲ့ တောအရက် တစ်ပတ်လောက် သောက်မိတာ သွေးအန်ပြီး ဆေးရုံပါ တစ်ခါတည်း ရောက်သွားတယ်။ အရက်က အရမ်းပြင်းတယ်။ ပြီးတော့ တစ်ဆိုင်နဲ့တစ်ဆိုင်လည်း မတူဘူး။ အရက်အရသာ ကွာတယ်။ ပိုကောင်းတဲ့အရက်၊ ကျန်းမာရေး သိသိသာသာ မထိစေမယ့်အရက် ထုတ်ဖို့လိုတယ်။ ဓနိရည်က သောက်ရတာ ဗိုက်တင်းတာပဲ ရှိတယ်” ဟု တောအရက်သောက်သုံးမှုကြောင့် သွေးအန်ကာ ဆေးရုံတက်ရောက်ခဲ့ရသူတစ်ဦးက ဆိုသည်။

လက်ရှိ အာရက္ခဒေသအတွင်း ထုတ်လုပ်ရောင်းချနေသည့် တောအရက်တွင် စနစ်တကျ အဆင့်ဆင့်ပေါင်းခံ ချက်လုပ်ထားခြင်းမဟုတ်ဘဲ လူကို သေစေနိုင်သည့် အဆိပ်ဓာတ်ပါဝင်မှု Methanol သည် ၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ပါဝင်နေကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။