နေရောင် ၇ မိနစ်ပျောက်ကွယ်ပြီး ကမ္ဘာပျက်မည်ဆိုသော သတင်းအမှား

လာမည့် ရက်သတ္တပတ်အတွင်း နေရောင် ၇ မိနစ်ပျောက်ကွယ်သွားမည်ဖြစ်ပြီး ၂၀၂၆ တွင် ကမ္ဘာပျက်ကိန်း ရှိ သည် ဆိုသော သတင်းအမှားများ ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသည်။

သတင်းအမှားကို “Ko Zin Kenneth” ဖေ့ဘွတ်ခ်အကောင့်က ၂၀၂၆ ဇန်နဝါရီ ၂၉ရက် ညနေပိုင်းမှာ ဖြန့်ဝေထား သည်။

သတင်းအမှားထဲတွင် ဂြိုလ်တုမိုးလေဝသက ပေးပို့သော အထူးအရေးပေါ်သတင်းဟု ခေါင်းစဉ်တပ်ထားပြီး အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ တောင်အာဖရိက၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ ယူကေ၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား ဥရောပ၊ မက္ကဆီကို၊ ဘရာဇီး၊ ချီလီနိုင်ငံအတော်များများက ဂြိုလ်တုမိုးလေဝသက ကမ္ဘာ့ကို အမှောင်မိုက်သော မုန်တိုင်းတိမ်တိုက်ကြီးများ ဖုံးအုပ် ထားသောကြောင့် တကမ္ဘာလုံး ရေခဲသွားမည်ဖြစ်ကြောင်း၊ လာမည့် ရက်သတ္တပတ်တွင် နေရောင် ( ၇) မိနစ်ခန့် ပျောက် ကွယ်သွားမှာဖြစ်ပြီး နေရောင်ပျောက်ကွယ်လျှင် ၂၀၂၆ ခုနှစ်တွင် လူသားတို့ရဲ့နောက်ဆုံခရီးစဥ် ကမ္ဘာပျက်ကိန်းသို့ ဦးတည်မည်ဖြစ်ကြောင်း ရေးသားထားသည်။

သတင်းအမှားလင့်ခ် – https://bitly.cx/vE2T

ထို့သို့ တိကျသော အချက်အလက်များ မပါဝင်ဘဲ ဖြန့်ဝေထားသော သတင်းအမှားကို ၂၄နာရီအတွင်း မျှဝေသူ(Share) ၁၀၀၀ကျော်အထိ ရှိနေသည်။

နေရောင်ပျောက်ပြီး ကမ္ဘာပျက်ကိန်းရှိကြောင်း ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော အကြောင်းအရာကို MPA အချက်အလက်စစ်ဆေးရာ သတင်းအမှား ဖြစ်ကြောင်း စိစစ်နိုင်ခဲ့သည်။

သက်သေပြချက်

သိပ္ပံပညာရှင်များ၊ မိုးလေဝသပညာရှင်များ၊ NASA နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့ တို့က ၂၀၂၆ ခုနှစ်အတွင်း တကမ္ဘာလုံးတွင် နေရောင်ပျောက်ကွယ်မည်ဟု ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါ။

NASA ၏ တရားဝင် ဝက်ဆိုက်တွင်လည်း အဆိုပါ ကိစ္စကို ထုတ်ပြန်ကြေညာထားခြင်း မရှိပေ။

NASA ဝက်ဘ်ဆိုက်လင့်ခ် – https://bitly.cx/CF9Qj

ကမ္ဘာ့မိုးလေဝသအဖွဲ့(WMO) ၏ ဝက်ဘ်ဆိုက်တွင်လည်း နေရောင်ခြည်ပျောက်မည့်အကြောင်း ထုတ်ပြန် ကြေညာထားခြင်းမရှိပေ။

WMO ဝက်ဘ်ဆိုက် – https://wmo.int/

၂၀၂၆ ဇန်နဝါရီလနှောင်းပိုင်းတွင် အမေရိကန်နှင့် ကနေဒါနိုင်ငံ မြောက်ဘက်နှင့် အရှေ့ဘက်ရှိ ဒေသအချို့တွင် ဆောင်းရာသီအအေးပိုခြင်းနှင့် ဆီးနှင်းများ ထူထဲစွာ ကျရောက်မှုများ ရှိနေသော်လည်း ပုံမှန်နှစ်များ ကဲ့သို့ပင်ဖြစ်သည်။

အမေရိကန်အစိုးရ သိပ္ပံဌာနတစ်ခုဖြစ်သော ရာသီဥတု၊ မုန်တိုင်း၊ ရေကြီးမှု၊ ပင်လယ်ပြင်နှင့် သမုဒ္ဒရာဆိုင်ရာ စောင့်ကြည့်ခန့်မှန်း လုပ်ငန်းများတွင် တာဝန်ယူထားသော NOAA ၏ ၂၀၂၅–၂၀၂၆ ဆောင်းရာသီ ခန့်မှန်းချက်အရ မြောက်အမေရိကန်ဒေသတွင် ပုံမှန်ထက် အအေးပိုမည်ဖြစ်ကြောင်း The Hill သတင်းဌာနက ရေးသားထားသည်။

သတင်းလင့်ခ် – https://bitly.cx/SNe0M

အထက်ဖော်ပြပါ အချက်အလက်စစ်ဆေးမှုများအရ နေရောင်ပျောက်၍ ကမ္ဘာပျက်တော့မည်ဟု ဖြန့်ဝေနေသော အကြောင်းအရသည် သတင်းအမှားသာ ဖြစ်သည။

“ကမ္ဘာပျက်တော့မည်” ဟု ခေါင်းစဉ်တပ်ပြီး လူမှုကွန်ရက်များတွင် Like and react နှင့် ကြည့်ရှုသူ( Views) များစေရန် လူအများ ထိတ်လန့်စေသော သတင်းများ လုပ်ကြံဖန်တီးဖြန့်ဝေသူများ ရှိနေသည်။

ရာသီဥတု၊ မိုးလေဝသအခြေအနေများနှင့် ပတ်သက်၍ WMO (World Meteorological Organization) ၏ ဝက်ဘ်ဆိုက်နှင့် မြန်မာမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်များကို ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုသည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။