မုန်း၊ စစ်တောင်းတံတားစောင့် စစ်‌သား ၂ ဦး PDF စနိုက်ပါထိပြီး သေဆုံး

ဓာတ်ပုံ - Falcons Guerrila Force
ပုံစာ - PDFရဲဘော်များ စနိုက်ပါဖြင့် ပစ်ခတ်နေစဉ်။

ပဲခူးတိုင်း၊ မုန်းမြို့နယ်၊ မုန်း – အုတ်ဖြတ်လမ်းပိုင်းရှိ စစ်တောင်းတံတားတွင် ဂိတ်စောင့် စစ်‌သား၂ဦး စနိုက်ပါနှင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဇန်နဝါရီ ၂၉ရက်၊ နံနက် ၈နာရီခန့်နှင့် မွန်းတည့် ၁၂နာရီခန့်တွင် မုန်း-အုတ်ဖြတ်လမ်းပိုင်းရှိ စစ်တောင်းမြစ်ကူးတံတား၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့‌ခြင်းဖြစ်ကြောင်း Falcons Guerrila Force စွန်ရဲ အဖွဲ့ထံက သိရသည်။

” အင်အားဘယ်လောက်နဲ့ တပ်စွဲထားသလဲတော့မသိဘူး။ သူတို့ကိုမနက်ကနေညအထိ စောင့် ကြည့်နေတာပါ။ မနက် ၈ နာရီမှာ နေပူဆာလှုံရင်း ကျောပေးထားတဲ့ စကစအဖိုးကြီးကို ပစ်ပါတယ်။ ကျောကို ပစ်တာပါ။ ၁၂နာရီမှာ ၂ရစ်နဲ့ အဝတ်ထွက်လှမ်းတဲ့ဆရာကြီး ( စစ်သား ) ကို ရင်ဘတ်ကို ပစ်ခဲ့ပါတယ်။ နောက်ပြီး တချက်ထပ်ပစ်ပါသေးတယ်။ အဲ့တချက်က လွဲသွားပါတယ်” ဟု Falcons Guerrila Force စွန်ရဲ (Local PDF) မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။

ပစ်ခတ်မှုများအပြီးတွင် ယင်းဂိတ်ရှိ စစ်သားများက ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDFရဲဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

” အေးအေးလူလူ နေပူဆာလှုံရင်း၊ အဝတ်လှန်းရင်း ခုလို စနိုက်ပါနဲ့ချောင်းပစ်ခံရတယ်ဆိုတာ စစ် သားတွေအတွက်တော့ ဘယ်နေရာဖြစ်ဖြစ် မလုံခြုံတော့ဘူးဆိုတဲ့အသိနဲ့ တော်တော်လေးထိတ် လန့်စရာလို့ မြင်ပါတယ်။ သူတို့ ဂိတ်အပြင်ထွက်ဖို့တောင် လန့်လာမယ်။ စိတ်ပိုင်းဆိုင်ရာ ပျက်ပြား မှုတွေလည်း ဖြစ်လာနိုင်တယ် ” ဟု ‌ပဲခူးတိုင်းအရှေ့ခြမ်းတွင် တာဝန်ထမ်းဆောင်နေသည့် PDF ရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။

ယင်းပစ်ခတ်မှုကို KNLA တပ်ရင်း၈ ၊ ARMS Local PDF တပ်ရင်းနှင့် Falcons Guerrila Force စွန်ရဲတပ်ခွဲ တို့ပူးပေါင်းဖော်ဆောင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၇ရက်ကလည်း ယင်းဂိတ်ကို PDFတို့က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၃ဦးသေဆုံးခဲ့ သေးသည်။

စစ်သားများသေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။