KIO ဒုဥက္ကဌဟောင်း ဒေါက်တာမနာမ်တူးဂျာ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲတွင် အနိုင်ရ

ဓာတ်ပုံ-လူမှုကွန်ရက်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၏ ဒုဥက္ကဌဟောင်းတစ်ဦးဖြစ်သည့် ဒေါက်တာမနာမ်တူးဂျာက စစ်ကော်မရှင်တပ်၏ အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၃ ၌ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၃ ၌ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) က ဒေါက်တာမနာမ်တူးဂျာ အမျိုးသားလွှတ်တော်၊ အပိုင်း ၂ ၌ ဦးဆမ်ဘုံးဆင် ပြည်နယ်လွှတ်တော်နှင့် အပိုင်း ၁ ၌ ဦးငွားရဲ့ဆဲ ပြည်သူ့လွှတ်တော်တို့က သုံးနေရာအနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

“စစ်တပ်က KIO နဲ့ နီးစပ်ခဲ့သူ တစ်ယောက်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် နေရာတစ်နေရာပေးလိုက်တာဟာ နိုင်ငံရေးကစားကွက်တစ်ခုပါ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက MPA သို့ ပြောသည်။

ဒေါက်တာမနာမ်တူးဂျာသည် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ၏ ဒုတိယဥက္ကဌအဖြစ် ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ဖြစ်ပေါ်လာရေးတွင်လည်း ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

“စစ်တပ်လော်ဘီတွေကတော့ သူတို့လိုရာဆွဲပြီး ပြောချင်ရာ ပြောနေကြမှာပဲ၊ တော်လှန်ရေးဘက်ကို စိတ်ဓာတ်အားလျော့သွားအောင်ဘဲဖြစ်ဖြစ် ဝါဒဖြန့်ချိတာတွေကတော့ လုပ်နေမှာပဲလေ။ အဓိက က ကျတော်တို့က စစ်တပ်ပြောသမျှ လိုက်ခံစားနေဖို့ မလိုတာပဲ” ဟု လိုင်ဇာမြို့တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဒေါက်တာမနာမ်တူးဂျာ ဦးဆောင်ဖွဲ့စည်းခဲ့သည့် Kachin State Progressive Party(KSPP) က ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ရန် ပြင်ဆင်ခဲ့သော်လည်း စစ်တပ်က ပါတီဖွဲ့စည်းခွင့် မပေးခဲ့ပေ။
ထို့နောက် ၂၀၁၅ ခုနှစ်တွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KSDP) ကို ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲဝင်ပြိုင်ရန် ကြိုးစားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ(KDP)နှင့် စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကချင်ပြည်နယ်) (UDPKS) တို့ ပူးပေါင်းခဲ့ကာ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP) အဖြစ် ပေါ်ပေါက်လာပြီးနောက်၊ KSPP ပါတီဥက္ကဌ ဒေါက်တာမနာမ်တူးဂျာက အင်ဂျန်းယန်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်ကနေ အနိုင်ရရှိခဲ့သော်လည်း စစ်ကော်မရှင်တပ်၏ အာဏာသိမ်းမှုကြောင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့် မရရှိခဲ့သူဖြစ်သည်။

စစ်ကော်မရှင်ပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲ၌ စစ်ကော်မရှင်၏ အဖွဲ့ဝင်ဟောင်း ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ အနိုင်ရရှိထားကြသည်။