အစိုးရစာသင်ကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် အဓမ္မပြုကျင့်မှု၊ လူသတ်မှုများ ဖြစ်ပွားနေသည့်အတွက် မိမိတို့ကလေးငယ်များ၏ လုံခြုံရေးကို စိတ်မချရတော့ဘဲ မိဘများအနေဖြင့် စိုးရိမ်ပူပန်နေကြရကြောင်း ကျောင်းနေအရွယ်ကလေးများ၏ မိဘများထံမှ စုံစမ်း သိရှိရသည်။
“ကလေးတွေကို ပုဂ္ဂလိကကျောင်းတွေမှာ ထားတာ။ အရင်ရက်တွေက ဖြစ်သွားတဲ့ ကိုယ်ပိုင်ကျောင်းက ကျောင်းသူလေးတစ်ဦး အဓမ္မကျင့်ခံရတဲ့ သတင်းကြားတော့ ကိုယ့်ကလေးတွေ ကျောင်းထားရတာတောင်မှ စိတ်မချတော့ဘူး ဖြစ်နေတယ်။ အခုခေတ်ကတော့ ကလေးတွေရဲ့ ပညာသင်ကြားတဲ့ နေရာမှာတောင် မလုံခြုံတော့ဘူး” ဟု ပုဂ္ဂလိကကျောင်း၌ ပညာသင်ကြားနေသည့် အလယ်တန်းကျောင်းသားနှစ်ဦး၏ မိခင်က MPA သို့ ပြောသည်။
လက်ရှိတွင် စာသင်ကျောင်းများ၏ လုံခြုံရေးအားနည်းမှု၊ ဆရာ၊ ဆရာမများ၏ စည်းကမ်းထိန်းသိမ်းရာတွင် အားနည်းမှု၊ ကျင့်ဝတ်ကို တိကျစွာ လေးစားသည့် စိတ်ဓာတ်မရှိမှုနှင့် စာသင်ခန်းအတွင်း သွန်သင်ဆုံးမမှု လျော့နည်းခြင်းများကြောင့် ယခုကဲ့သို့ ဖြစ်ရပ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ကျောင်းသားမိဘများက မှတ်ချက်ပြုကြသည်။
“ဒီဘက်ခေတ် ဆရာ၊ ဆရာမတွေက ကျောင်းသားတွေနဲ့ တန်းတူလို ဖြစ်နေကြတယ်။ ကလေးတွေကိုလည်း ဖိဖိစီးစီး စာသင်တာတွေ မတွေ့ရတော့ဘူး။ ကျူရှင်တွေနဲ့ အချိန်ပိုင်းကျောင်းတွေလောက်ပဲ စာတွေ့၊ လက်တွေ့နဲ့ ကလေးတွေရဲ့ Activity တွေ လုပ်ပေးတယ်။ အခုကတော့ စာသင်ကျောင်းတွေမှာ ရန်ဖြစ်ရင်း သေကုန်ကြတာအထိ ဆိုတော့ ကျောင်းထားဖို့က စိုးရိမ်နေရပြီ” ဟု မူလတန်းတက်ရောက်နေသည့် ကျောင်းသူတစ်ဦး၏ ဖခင်က ဆိုသည်။
ကလေးငယ်များ၏ ပညာရေးသည် လာမည့် အနာဂတ်နိုင်ငံနှင့် လူမျိုးအတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်သော်လည်း လက်ရှိမြန်မာနိုင်ငံ၌မူ စာသင်ကျောင်းများသည် ကလေးငယ်များ၏ လုံခြုံရေးအပြင် စာရိတ္တပိုင်းဆိုင်ရာများကိုပါ ပျက်စီးနိုင်သည့်အတွက် ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များကို ကျောင်းထားရန် စိုးရိမ်ပူပန်လျက် ရှိနေသည်။
“Duties and Responsibilities (တာဝန်နှင့် ဝတ္တရား) တွေကို လေးစားလိုက်နာမှု မရှိတော့တာတွေ တွေ့မြင်နေရပါတယ်။ ကလေးတွေ စိတ်ဓာတ်ကောင်းမွန်ဖို့နဲ့ စည်းကမ်းလိုက်နာဖို့ဆိုတာ သင်ကြားပေးသူကိုယ်တိုင်က စိတ်ဓာတ်နဲ့ စည်းကမ်းကောင်းမွန်နေမှ ဖြစ်မှာပါ။ အဲဒါတွေ လျော့နည်းလာတာ၊ အာဏာသိမ်းပြီးနောက် စစ်တပ်လည်ပတ်နေတဲ့ ပညာရေးမှာ စည်းကမ်းကျင့်ဝတ်ပိုင်းဆိုင်ရာ လျော့နည်းလာတာတွေ တွေ့ရပါတယ်။ အဖြစ်လောက်ပဲ လည်ပတ်နေကြတဲ့ ပုံစံပါ။ ထိရောက်တဲ့ အရေးယူမှုတွေမရှိဘဲ ဖြစ်ချင်ရာဖြစ် လွှတ်ထားတဲ့သဘော ရှိပါတယ်” ဟု ကျောက်ထုမြို့နယ်မှ CDM ပြုလုပ်ထားသည့် ကျောင်းဆရာတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်၌ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားအချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ စကားများကြရာမှ Grade 8 ကျောင်းသား၏ ထိုးကြိတ်မှုကြောင့် Grade 7 ကျောင်းသားတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ထို့ပြင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင်လည်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အောင်မြေသစ် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ပိုင်ရှင်၏သားဖြစ်သူက အဆောင်နေ Grade 12 ကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။
