အရပ်သားများကို ကာကွယ်ပေးနိုင်ရေး သက်ဆိုင်သူများပါဝင်သည့် စောင့်ကြည့်ယန္တရား အာဆီယံ ထူထောင်ပေးရန် NUG ဖိတ်ခေါ်

အရပ်သားပြည်သူများကို ကာကွယ်ပေးခြင်းသည် ရည်မှန်းချက်တစ်ရပ်မျှသာမဟုတ်ဘဲ လိုအပ်ချက်တစ်ရပ်ဖြစ်လာစေရေးအတွက် တရားဝင်သည့် သက်ဆိုင်သူအစုအဖွဲ့အားလုံးနှင့် ပူးပေါင်း၍ စောင့်ကြည့်ရေးယန္တရားများ ထူထောင်ပေးရန် အာဆီယံအား ဖိတ်ခေါ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘုံသဘောတူညီချက် ၅ရပ် အကောင်အ ထည်ဖော်ဆောင်မှုအပေါ် NUGအစိုးရက သဘောထားထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ဖိတ်ခေါ် ခဲ့သလို အာဆီယံအနေနှင့် ဘုံသဘောတူညီချက်၅ရပ်အား ထပ်လောင်းအတည်ပြုနေခြင်းမှ ကျော် လွန်ကာ အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် ရှင်းလင်းပြတ်သားပြီး တိုင်းတာနိုင်သည့်စံနှုန်းများ ချမှတ်နိုင်ရေးဆီသို့ မဖြစ်မနေ ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ဆိုသည်။

“အာဆီယံရဲ့ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ သဘောထားပေးလိုက်တာက နေပြည်တော် အတွက် အရှိုက်ကိုထိတဲ့ သံတမန်ရေးထိုးနှက်ချက်ပါပဲ။ဒါပေမဲ့၊အာဆီယံက မူ၅ရပ်ကို ဆက်ကိုင် ထားတာကလွဲ ဘာမှမလုပ်နိုင်ပါဘူး။အာဆီယံမှာ မြန်မာပြည်သူတွေအတွက် အရေးပါတဲ့ နောက် ထပ်ခြေတစ်လှမ်းဆိုတာ မရှိတော့ဘူး။အခု NUGရဲ့ ထုတ်ပြန်ချက်ကလည်း သံတမန်ရေးပေးစာအ ဆင့်ပါပဲ။အာဆီယံအနေနဲ့ စောင့်ကြည့်ယန္တရား မဖော်ဆောင်နိုင်ပါဘူး”ဟု မုံရွာအခြေစိုက် တက်ကြွ လှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

မည်သည့် နိုင်ငံရေး (သို့မဟုတ်) ရွေးကောက်ပွဲလုပ်ငန်းစဉ်မဆို အကြမ်းဖက်မှုများကို ရပ်စဲပြီး နိုင်ငံရေး၌ အားလုံးပါဝင်နိုင်သည့်အခြေအနေရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လူထုထောက်ခံမှု သို့မဟုတ် ဥပဒေအရတရားဝင်မှု မရှိသည့် တဖက်သတ်လုပ်ငန်းစဉ်များအား အသိအမှတ် မပြုသည့် အာဆီယံ၏ မူဝါဒအခြေခံသဘောထားရပ်တည်ချက်ကို ကြိုဆိုကြောင်းနှင့် ရေရှည် တည်တံ့သည့် နိုင်ငံရေးလမ်းကြောင်းကို ဖော်ဆောင်ရာ၌ အဓိပ္ပါယ်ပြည့်ဝသည့် တွေ့ဆုံ ဆွေးနွေးမှုနှင့် ဖက်ဒရယ်ရေးရာ ရည်မှန်းချက်များက အခြေခံအုတ်မြစ်အဖြစ် တည်ရှိရမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

ထို့အပြင် အာဆီယံအနေနှင့် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာ၌ နိုင်ငံ၏ဒေသ အများ အပြားတွင် အရေးပါ သည့် ဝန်ဆောင်မှုများနှင့် အုပ်ချုပ်မှုလုပ်ငန်းများ ပံ့ပိုးပေးလျက်ရှိသည့် ဒီမိုက ရေစီအင်အားစု များ၊ တိုင်းရင်းသားအဖွဲ့နှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းသည် ပဋိပက္ခဖြစ် ပွားရာ ဒေသများရှိလူထုထံသို့ ခွဲခြားမှုမရှိဘဲ အကူအညီများ ရောက်ရှိနိုင်မည့် အထိရောက်ဆုံး နည်း လမ်းဖြစ်ကြောင်း NUGအစိုးရက အလေးထား ဖော်ပြထားသည်။

မလေးရှားနိုင်ငံက ကနဦးစတင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက ဆက်လက်လုပ်ဆောင်နေ သည့် သံတမန်ရေး ရာ အရှိန်အဟုန်ကို ထိန်းသိမ်းသွားနိုင်ရန်အတွက် သုံးနိုင်ငံတွဲဖက်ယန္တရား ကို ပိုမိုအားဖြည့်သွား ရန် နှင့် NUGအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ အပါအဝင် ပိုမိုကျယ်ပြန့်စုံလင်သည့် သက် ဆိုင်သူအစုအဖွဲ့များနှင့် တရားဝင်နည်းလမ်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ထိတွေ့ ဆက်ဆံမှု များ တိုးမြှင့်လုပ်ဆောင်သွားရန် တိုက်တွန်းထားသည်။

စာတည်း-ML