South China Morning Post
အွန်လိုင်း ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို နှိမ်နင်းရန် တရုတ်နိုင်ငံ၏ ဖိအားပေးမှုများကို ရင်ဆိုင်နေရသည့် ကမ္ဘောဒီးယားအစိုးရသည် ဇန်နဝါရီ ၃၁ ရက်က အဓိက ငွေလိမ်ဂိုဏ်းများကို ဝင်ရောက်စီးနင်းခဲ့ရာ လူပေါင်း ၂,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည့်အနက် တရုတ်နိုင်ငံသား ၁,၈၀၀ နီးပါး ပါဝင်ကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဗီယက်နမ်နိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အရှေ့တောင်ဘက်ပိုင်း ဆွယ်ရိန်း ပြည်နယ်မှ အကြီးဆုံးမြို့ဖြစ်သော ဘာဗက်မြို့ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း အခြေစိုက်စခန်းတစ်ခုကို ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းတွင် အထူးစစ်ဆင်ရေးဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးရမိသည့် နိုင်ငံခြားသား စုစုပေါင်း ၂,၀၄၄ ဦး ရှိသည့်အနက် တရုတ်ပြည်မကြီးမှ ၁,၇၉၂ ဦး၊ ထိုင်ဝမ်မှ ၅ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၁၇၇ ဦး ပါဝင်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသား ၁၇၉ ဦး ပါဝင်ပြီး ကျန်ရှိသူများမှာ အိမ်နီးချင်း အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများမှ ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးရမိသည့် သံသယရှိသူ နိုင်ငံခြားသားများကို ၎င်းတို့၏ နေရပ်နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ၊ မရှိကိုမူ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိသော်လည်း တရုတ်နိုင်ငံသားများကိုမူ ၎င်းတို့အစိုးရထံ လွှဲပြောင်းပေးအပ်နိုင်ဖွယ်ရှိသည်။
ယခုကဲ့သို့ ဘာဗက်မြို့ ဝင်ရောက်စီးနင်းမှုသည် ကမ္ဘောဒီးယားနိုင်ငံ၌ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းမှုတွင် “အကြီးမားဆုံးသော စစ်ဆင်ရေး” ဖြစ်ကြောင်း Cambodia China Times က ဖော်ပြခဲ့သည်။
“ဒါဟာ ကမ္ဘောဒီးယားအစိုးရအနေနဲ့ အွန်လိုင်းငွေလိမ် ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းတဲ့နေရာမှာ ဘယ်တော့မှ လျှော့ပေးမှာမဟုတ်ဘူးဆိုတာကို အမှန်တကယ် ထင်ဟပ်နေတာပါ” ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားခဲ့သည်။
ဘာဗက်မြို့ရှိ အဆိုပါအခြေစိုက်စခန်းတွင် အဆောက်အအုံပေါင်း ၂၂ လုံးရှိပြီး ကာစီနိုရုံအသွင်ဖြင့် လုပ်ကိုင်နေခြင်း ဖြစ် သည်။ ယင်းနေရာကို ဆက်သွယ်ရေးနှင့် အွန်လိုင်းငွေလိမ်မှုများ အပါအဝင် တရားမဝင် လုပ်ငန်းများအတွက် ရေရှည်အသုံးပြုခဲ့သည်။
အလားတူ စီးနင်းမှုများကို မြို့တော် ဖနွမ်းပင်၏ အနောက်တောင်ဘက် ၂၅၀ ကီလိုမီတာခန့်အကွာရှိ ဆီဟာနုဗေးလ် အပါအဝင် အခြားဒေသအများအပြားတွင်လည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်ခဲ့သည်။
ပြင်းထန်သော နှိမ်နင်းမှုများကြောင့် ငွေလိမ်ဂိုဏ်းအခြေစိုက်နေရာ အချို့မှာ အလိုအလျောက် ပိတ်သိမ်းသွားခဲ့ပြီး ပတ်သက်ဆက်နွှယ်သူများမှာလည်း ထိုဒေသမှ ထွက်ခွာသွားကြကြောင်း သိရှိရသည်။
အွန်လိုင်းငွေလိမ်မှု တိုက်ဖျက်ရေး ကမ္ဘောဒီးယား အထူးကော်မတီ၏ ပြီးခဲ့သည့်အပတ်က အစီရင်ခံစာအရ ပြီးခဲ့သည့် ၇ လအတွင်း ကမ္ဘောဒီးယား၌ အွန်လိုင်းငွေလိမ်မှုဖြင့် နိုင်ငံပေါင်း ၂၃ နိုင်ငံမှ သံသယရှိသူ စုစုပေါင်း ၅,၁၀၆ ဦးကို ဖမ်းဆီးခဲ့ရာတွင် ၄,၅၃၄ ဦးကို နေရပ်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။
