စစ်ကော်မရှင် လျှပ်စစ်ဝန်ကြီး လျှပ်စစ်မီးမှန်မည်ဟု ပြောပြီးနောက် မီးများပြန်ပျက်သွား

စစ်ကော်မရှင်၏ လျှပ်စစ်စွမ်းအားဝန်ကြီးက ဓာတ်အားထုတ်လုပ်မှုတိုးလာ၍ အလှည့်ကျစနစ်ဖြင့် ဓာတ်အားပေးခြင်းကို ရပ်ဆိုင်းကာ အချိန်ပြည့်ဓာတ်အားပေးမည်ဟု ပြောကြားပြီးနောက် ရန်ကုန်မြို့၌ ဓာတ်အားပြတ်တောက်မှုများ ပြန်လည်ဖြစ်ပေါ်လာကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

စစ်ကော်မရှင် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဉာဏ်ထွန်းက ဖေဖော်ဝါရီ ၁ ရက်တွင် YESC ဌာနချုပ်၌ နိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်မှု တိုးတက်လာပြီဖြစ်၍ အချိန်ပြည့် ဓာတ်အားပေးနိုင်တော့မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက “နိုင်ငံတော်၏ တိုးတက်သုံးစွဲလာမည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဓာတ်အားထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခဲ့ရာ ၅၀၀ မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံစီမံကိန်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်မှစ၍ ၎င်းစက်ရုံမှ ဓာတ်အားမဂ္ဂါဝပ် ၅၀၀ ကို စတင်ဖြည့်တင်းပေးနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုအခါ တစ်ရက်လျှင် စုစုပေါင်း ၃၄၀၀ မဂ္ဂါဝပ် (၆၀၀၀၀ မဂ္ဂါဝပ်နာရီ) အထိ ထုတ်လုပ်ရရှိနေပြီဖြစ်ရာ ဝန်အားမျှဝေ၍ အလှည့်ကျစနစ်ဖြင့်ပေးခြင်းကို ရပ်ဆိုင်းကာ တတ်နိုင်သမျှ အချိန်ပြည့် ဓာတ်အားဖြန့်ဖြူးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်ကော်မရှင် ဝန်ကြီး ထိုသို့ ပြောကြားခဲ့သည့်နေ့တွင်ပင် ရန်ကုန်မြို့၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၆ နာရီထက်မနည်း ရှိခဲ့ကြောင်း သိရသည်။

” ဟာ အဲ့ဒီလူ မဟုတ်တာတွေ ပြောနေတာ။ မနေ့က (ဖေဖော်ဝါရီ ၁ ရက်) ကပဲ မနက် ၁၀ နာရီလောက်ထဲက ပြတ်တာ ညနေ ၅ နာရီလောက်မှ မီးပြန်လာတာ။ ဒီလူတွေ ပြောသမျှ တလွဲတွေချည်းပဲ” ဟု ရန်ကုန်မြို့ခံ အသက် ၃၀ ကျော် လူငယ်တစ်ဦးက ပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၂ ရက်တွင်လည်း ရန်ကုန်မြို့၌ ဓာတ်အားပြတ်တောက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး စစ်ကော်မရှင်၏ ပြောကြားချက်အပေါ် မြို့ခံပြည်သူများက လှောင်ပြောင်နေကြသည်ကို တွေ့ရသည်။

“အလှည့်ကျစနစ် ပြန်လည်စတင်ပြီဖြစ်ကြောင်း၊ နောက်လ နောက်လများတွင် ယမန်နှစ်များကဲ့သို့ A, B, C, D, E, F… အစရှိသဖြင့် အုပ်စုများပြားစွာဖြင့် ထုံးစံမပျက် ဖြတ်တောက်မည်ဖြစ်ကြောင်း တစ်ခါတည်း အသိပေးအပ်ပါတယ်။” ဟု ပြည်သူတစ်ဦးက လူမှုကွန်ရက်ပေါ်၌ လှောင်ပြောင်ရေးသားထားသည်။

ဆက်လက်ပြီး အဆိုပါ ပြည်သူက ” ခြွင်းချက် – မီးလာချိန်တွင်လည်း သစ်ပင်ခုတ်၊ Shut Down၊ LDC၊ System Break တို့ဘာတို့လည်း လာနိုင်ပါတယ်… ဆုတောင်းပါ… မြို့နယ်တိုင်း အရေးပေါ်ဖုန်းများ အခုချိန်မှစ၍ ဘေးချထားပါမယ်။ သို့ဖြစ်ပါ၍ မနိုးတာကြာသော မီးစက်များ၊ AC/DC အဲကူလာ၊ ပန်ကာ၊ အားသွင်းပစ္စည်းများ ကြိုတင်စစ်ဆေးပြင်ဆင်ထားကြပါရန် အသိပေးနှိုးဆော်အပ်ပါတယ်” ဟုလည်း ရေးသားသည်။

YESC သို့ စုံစမ်းမေးမြန်းထားမှုအရ ယခုလမှစ၍ တစ်ရက်လျှင် အနည်းဆုံး ၄ နာရီကြာ ဓာတ်အားပြတ်တောက်မှုများ ရှိနေမည်ဟု သိရသည်။

” မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီတစ်ခါ၊ ဒါမှမဟုတ် နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီတစ်ခါတော့ အလှည့်ကျ မီးပြတ်ဖို့ ရှိပါတယ်” ဟု YESC ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ပတ်လုံး လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပြတ်တောက်မှုများကို ပြည်သူများ ကြုံတွေ့နေရပြီး အထူးသဖြင့် နွေရာသီကာလများတွင် တစ်ရက်လျှင် နာရီအနည်းငယ်ခန့်သာ ဓာတ်အား ရရှိသည်အထိ ဓာတ်အားပြတ်တောက်မှုများ ဆိုးရွားစွာ ဖြစ်ပွားနေခဲ့သည်။

သို့သော် အတုအယောင် ရွေးကောက်ပွဲ ကာလအတွင်း အာဏာသိမ်းစစ်တပ်သည် ရန်ကုန်မြို့ အပါအဝင် မြို့ကြီးအချို့၌ လျှပ်စစ်ဓာတ်အား အချိန်ပြည့် ဖြန့်ဝေခြင်းကို ပြုလုပ်ပေးနေခဲ့ပြီး ရွေးကောက်ပွဲ ပြီးချိန်တွင် ဓာတ်အားပြတ်တောက်မှုများ ပြန်လည်ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

စာတည်း-ကိုဆန်း