AP
တရုတ်နိုင်ငံနှင့် ထိစပ်နေသော မြန်မာနိုင်ငံ ကိုးကန့်ဒေသတွင် အွန်လိုင်း ငွေလိမ်ဂိုဏ်းနှင့် ကာစီနိုကွန်ရက်များကို လုပ်ကိုင်ခဲ့သူ ပယ်ဆောက်ချိန်တို့အဖွဲ့မှ လေးဦးကို နိုင်ငံတောင်ပိုင်းရှိ ရှင်ကျန်းမြို့ အလယ်အလတ်ပြည်သူ့တရားရုံးက ကွပ်မျက်လိုက်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာစစ်ကော်မရှင်က လွှဲပြောင်းပေးခဲ့သည့် ပယ်ဆောက်ချိန်နှင့် အဖွဲ့ကို တရုတ်တရားရုံးက နိုဝင်ဘာလအတွင်း သေဒဏ်ချမှတ်ခဲ့သော်လည်း အဖွဲ့ခေါင်းဆောင် ပယ်ဆောက်ချိန်သည် စီရင်ချက်ချပြီးနောက်ပိုင်း ရောဂါဖြင့် ကွယ်လွန်သွားခဲ့သဖြင့် ကျန်ရှိသူ လေးဦးကို ယခုကဲ့သို့ ကွပ်မျက်လိုက်ခြင်းဖြစ်သည်။
တရားခံများက ကနဦးတွင် အယူခံဝင်ခဲ့ကြသော်လည်း ဂွမ်ဒေါင်းပြည်နယ် ပြည်သူ့တရားရုံးချုပ်က ၎င်းတို့၏ အယူခံများကို ပယ်ချခဲ့သည်။
၎င်းတို့စုစုပေါင်း ၂၁ ဦးသည် တရုတ်နိုင်ငံနှင့် ထိစပ်နေသော မြန်မာနိုင်ငံ ကိုးကန့်ဒေသတွင် ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ အတင်းအဓမ္မ ပြည့်တန်ဆာပြုမှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှုများ ပါဝင်သည့် လောင်းကစားနှင့် ဆက်သွယ်ရေးငွေလိမ် စက်မှုဇုန်ဝင်းများကို တည်ထောင်ခဲ့သည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် ပယ်ဆောက်ချိန်တို့အဖွဲ့၏ ၎င်းတို့ လိမ်လည်ခဲ့သူများထံမှ ယွမ် ၂၉ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံ) ကို လည်း လိမ်လည်ခဲ့ပြီး တရုတ်နိုင်ငံသား ခြောက်ဦး သေဆုံးစေမှုနှင့် အခြားသူများကို ထိခိုက်ဒဏ်ရာရစေမှုများအတွက် တာဝန်ရှိကြောင်း တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
တရားရုံးက ယင်းအုပ်စု၏ ရာဇဝတ်မှုများကို “အလွန်တရာ ဆိုးသွမ်းယုတ်ညံ့သည်” ဟု သတ်မှတ်ခဲ့သည်။
ပယ်ဆောက်ချိန်တို့အဖွဲ့သည် စက်မှုဇုန်ဝင်းများကို တည်ထောင်ခဲ့ပြီး ယင်းနေရာများမှတစ်ဆင့် ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ အတင်းအဓမ္မ ပြည့်တန်ဆာပြုမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ခြင်းတို့ ပါဝင်သည့် လောင်းကစားနှင့် ဆက်သွယ်ရေးငွေလိမ်လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်ဟု တရားရုံးက ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုများ လုပ်ကိုင်ခဲ့သည့် မြီ မိသားစုဝင် ၁၁ ဦးကိုလည်း တရုတ်က ကွပ်မျက်ခဲ့သည်။
