ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အင်အားစုများ သည် စစ်မျက်နှာအသီးသီးတွင် အောင်မြင်စွာ ထိုးနှက်တိုက်ခိုက်နေပြီး နယ်မြေစိုးမိုးမှုကို စနစ်တကျ တိုးချဲ့လျက်ရှိကြောင်း NUG အစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်း လတ်က ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၂၆ ရက်)တွင် ပြုလုပ်သည့် “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း” အစီအစဉ်၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ထိ တစ်နိုင်ငံလုံးမှာ မြိုနယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အဝသိမ်း ပိုက်ထားနိုင်ခဲ့ပြီး နောက်ထပ် မြို့နယ် ၄၁ မြို့နယ်ကိုလည်း ဝိုင်းဝန်းပိတ်ဆို့ ထိန်းချုပ်ထားနိုင် ပြီဖြစ်ပါတယ်။ အထူးသဖြင့် ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျှောက် အောင်မြင်စစ်ဆင်ရေးအဖြစ် စစ်ကောင်စီရဲ့တပ်စခန်းနဲ့ ကင်းစခန်း ၁၄ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက် ချေမှုန်းခဲ့ပါတယ်။ အလားတူပဲ စစ်ကိုင်းတိုင်း ၊ ကသာမြို့သိမ်း တိုက်ပွဲမှာလည်း မြို့ရဲ့ ထက်ဝက်ကျော်ကို စိုးမိုးထားနိုင်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို ဖျက်သိမ်းနိုင် ခဲ့ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။
၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်းမှာပင် စစ်တပ် အရာရှိနှင့် စစ်သည် စုစုပေါင်း ၉,၅၄၉ ဦး ပြုန်းတီးခဲ့ ကာ ထို ၉,၅၄၉ ဦးမှ ဗိုလ်မှူး ၂ ဦးအပါအဝင် စုစုပေါင်း စစ်သည် ၅၃၆ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ ကြောင်း သိရသည်။
“အဓမ္မ စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေဟာ ဆိုရင်လည်း ရှေ့တန်းကို ရောက်တာနဲ့ လက်နက် တွေနဲ့အတူ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေထံကို အဆက်မပြတ် ဆက်သွယ် ဝင်ရောက် နေကြတာဟာ စစ်အုပ်စုရဲ့ ပြိုလဲမှုကို သက်သေပြနေတာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။
ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့သည် ကိုယ့်ခြေကိုယ့်လက်ဖြင့် တိုက်ပွဲဝင် အောင်ပွဲဆင်နိုင်နေပြီဖြစ်ပြီး မဟာမိတ်များ၏ ထုတ်ဖော်ချီးမွမ်း မှုရရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့ကြောင်း ယခုလို အောင်ပွဲယူနိုင်အောင် လေ့ကျင့်သင်ကြား ပံ့ပိုး ကူညီပေးခဲ့ကြသည့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို အထူးကျေးဇူးတင်ကြောင်း ဇန်နဝါရီ၂၄ရက်၊ ပြည်ထောင်စု ဝန်ကြီးချုပ်က “နှစ်ဆန်းအောင်ပွဲဝင် ပြည်သူ့ကာကွယ်ရေး တပ်မတော်အတွက် ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ၌ ပြောကြားထားသည်။
စာတည်း-ML
