ယနေ့ည ၁၀နာရီ ၄ မိနစ်ခန့်တွင် ရခိုင်ပြည်နယ်၊ အမ်းမြို၏ မြောက်ဘက် ၅၀ မိုင်ခန့်အကွာ ရခိုင်ရိုးမတောင်တန်းကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၆ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုနှင့် ရစ်ချ်တာစကေး ၅ဒဿမ၂ အဆင့်ရှိ ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါငလျင်သည် မြေအောက်အနက် ၃၅ မိုင် (၅၆ ကီလိုမီတာ) ခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာပြည်အလယ်ပိုင်းနှင့် မြိုကြီးအများအပြားတွင် တုန်ခါမှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရကြောင်း သိရသည်။
ထိုပြင် ည ၁၀ နာရီ ၂၁ မိနစ်အချိန်တွင်လည်း အမ်းမြို မြောက်ဘက် မိုင် ၅၀ ခန့်အကွာ၊ မြေအောက်အနက် ၆ မိုင်ခန့်ကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၅.၁ အဆင့်ရှိ နောက်ဆက်တွဲငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားကြောင်း သိရှိရသည်။
“အဲဒီဘက်အပိုင်းကတော့ ကဘော်ပြတ်ရွေ့ရဲ့ တောင်ဘက်ပိုင်းအဆက်တွေပေါ့၊ အဲဒီက လှုပ်တာလို ယူဆရတယ်။ India နဲ့ Burma Plate တွန်းတိုက်မှုရဲ့ ရလဒ်အနေနဲ့ တွန်းတင်ပြတ်ရွေ့ Thrust fault တွေရှိတယ်။ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေ လာနိုင်တယ်” ဟု မြေငလျင်ပညာရှင် ဒေါက်တာမျိုးသန့်က MPA သိုပြောသည်။
ထိုပြင် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်ပါက အင်အားမပြင်းထန်တော့ပဲ ရစ်ချ်တာစကေး ၃မှ ၄အဆင့်ရှိ ငလျင်ငယ်များသာ လှုပ်ခတ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။
ငလျင်၏ တုန်ခါမှုဒဏ်ကို ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သော ပုဂံအပါအဝင် ချောက်၊ ပခုက္ကူ၊ မကွေး၊ တောင်တွင်းကြီး၊ နေပြည်တော်၊ မန္တလေး၊ ကျောက်ဆည်နှင့် မင်းတုန်းမြိုများတွင် သိသိသာသာ ခံစားခဲ့ရသည်။
ညဉ့်နက်ပိုင်းအချိန် ဖြစ်သော်လည်း အဆောက်အအုံများ လှုပ်ခါခြင်းနှင့် အိမ်အမိုးများ မြည်ဟည်းခြင်းတိုကြောင့် ဒေသခံပြည်သူအများအပြား စိုးရိမ်ထိတ်လန့်ကာ နေအိမ်ပြင်ပ လမ်းမများပေါ်သို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
“ငလျင်လှုပ်လိုက်တာတော့သိတယ်။ ရေနံချောင်းဘက်မှာ လှုပ်သွားတယ်။ အရမ်းတော့မကြာဘူး။ ငလျင်ဆိုတာနဲ့ အတော်ကို ထိတ်လန့်နေတာ မနှစ်ကတင် ငလျင်အကြီးကြီးလှုပ်ထားတာ၊ အခုလဲ အင်အားပြင်းငလျင်တဲ့ ဘေးအန္တရာယ်တွေကို အတော်ထိတ်လန့်နေရတယ်” ရေနံချောင်းမြိုတွင်နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုလှုပ်ခတ်သွားသောငလျင်သည် အနက် ၃၅ မိုင်ခန့်ရှိသည့် Intermediate-depth earthquake (အလယ်အလတ်အနက်ရှိငလျင်) ဖြစ်သောကြောင့် တုန်ခါမှုလှိင်းသည် အကွာအဝေးများစွာသို ပျံ့နှံရောက်ရှိသွားခြင်းဖြစ်ကာ၊ ငလျင်အင်အား ပြင်းထန်သည့်အတွက် လာမည့်နာရီပိုင်းနှင့် ရက်ပိုင်းများအတွင်း အင်အားအနည်းငယ်လျော့နည်းသော နောက်ဆက်တွဲငလျင် (Aftershocks) များ ထပ်မံလှုပ်ခတ်လာနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။
လက်ရှိအချိန်အထိ အဆောက်အအုံ ထိခိုက်မှုနှင့် လူသေဆုံးမှုစာရင်း အသေးစိတ်ကို အတည်မပြုနိုင်သေးသော်လည်း ရခိုင်ပြည်နယ်နှင့် အညာဒေသရှိ ပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လိုအပ်ကာ၊ အထူးသဖြင့် ဟောင်းနွမ်းနေသော အဆောက်အအုံများ၊ ဘုရားပုထိုးများနှင့် နံရံအက်ကြောင်းရှိနေသော အိမ်များတွင် ဆက်လက်နေထိုင်ခြင်း မပြုဘဲ ဘေးကင်းရာသို ခေတ္တရွှေ့ပြောင်းသင့်ကြောင်း ငလျင်ပညာရှင်များက ဆိုသည်။
ပြည်သူများအနေဖြင့် လူမှုကွန်ရက်ပေါ်ရှိ အတည်မပြုနိုင်သော ကောလာဟလသတင်းများကို သတိထားရှောင်ရှားကြရန်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်မည့် တရားဝင်သတင်းများကိုသာ ဆက်လက်နားစွင့်ကြရန် ငလျင်ပညာရှင်များက တိုက်တွန်းထားသည်။
စာတည်း-ကိုဆန်း
